CNI International News

တိုင်ပေ၊ မေလ ၁၁

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်ပြီးနောက် မကြာမီ၌ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းခဲ့သော အမေရိကန် စစ်သင်္ဘောတစ်စင်းကို စောင့်ကြည့်၍ သတိပေးခဲ့ကြောင်း တရုတ်စစ်တပ်က ယနေ့ (မေလ ၁၁ ရက်) သတင်း ထုတ်ပြန်ခဲ့သည်။

အမှတ် ၇ ရေတပ်မှ ပဲ့ထိန်းဒုံးကျည် ပါဝင်သည့် USS Port Royal စစ်သင်္ဘောသည် နိုင်ငံတကာ ရေပိုင်နက်အတွင်း အပြည် ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ ပုံမှန်အတိုင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းခဲ့ကြောင်း၊ ယင်းသို့ ဖြတ်သန်း ခုတ်မောင်းခြင်းမှာ ဒုတိယမြောက်မစ်ရှင်(စစ်ရေးတာဝန်)ဖြစ်ကြောင်း အမေရိကန်ရေတပ်က မေလ ၁၀ ရက်တွင် ပြောကြား ခဲ့ပြီး ဖြစ်သည်။

အမေရိကန်သည် တစ်လလျှင် နှစ်ကြိမ်ခန့် အဆိုပါ ရေလမ်းခရီးကို ဖြတ်သန်း သွားလာလေ့ရှိပြီး ထိုင်ဝမ်အစိုးရကို ထောက်ခံ သည့် လက္ခဏာများ ပြသနေသဖြင့် တရုတ်က ဒေါသတကြီး ဖြစ်နေခဲ့သည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ် ကျွန်းကို ၎င်း၏ပိုင်နက် ဖြစ်သည်ဟု တရုတ်က ရှုမြင်ထားသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ အရှေ့တပ်ဖွဲ့များသည် အဆိုပါ အမေရိကန် စစ်သင်္ဘောကို တောက်လျှောက် စောင့်ကြည့်နေခဲ့ပြီး သတိပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

“အမေရိကန်သည် ထိုသို့ အပြုအမူများကို မကြာခဏ ပြသလေ့ရှိပြီး ပြဿနာတစ်ရပ်ကို နှိုးဆွခြင်း၊ ထိုင်ဝမ် လွတ်လပ်ရေး တပ်ဖွဲ့ထံ မှားယွင်းသော အချက်ပြမှုများ ပေးပို့ခြင်းနှင့် ထိုင်ဝမ် ရေလက်ကြားတလျှောက် တင်းမာမှုများကို တမင်တကာ ပြင်းထန် လာစေခြင်းတို့ လုပ်ဆောင်နေကြောင်း” ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

“မိမိတို့ တပ်ဖွဲ့များသည် အချိန်တိုင်းအတွက် နိုးကြားမှု မြင့်မားနေပြီး ခြိမ်းခြောက်ခြင်းနှင့် ရန်စခြင်း အားလုံးကို ပြတ်ပြတ် သားသား တန်ပြန် တုံ့ပြန်ခြင်းဖြင့် နိုင်ငံ၏ အချုပ်အခြာနှင့် နယ်မြေစိုးမိုးရေးကို ကာကွယ်နေကြောင်း” တရုတ်၏ ထုတ်ပြန် ချက်ထဲတွင် ထပ်လောင်း ဖော်ပြထားသည်။

“အဆိုပါ စစ်သင်္ဘောသည် ထိုင်ဝမ်၏ ရေပိုင်နက်ကို ကျော်လွန်၍ ရေလက်ကြား စင်္ကြန်တစ်ခုမှ ဖြတ်သန်းခဲ့ကြောင်း” အမေရိကန်ရေတပ်က ပြောကြားခဲ့သည်။

အမေရိကန်စစ်သင်္ဘော (Reuters)

“ထိုင်ဝမ်ရေလက်ကြားမှ Port Royal စစ်သင်္ဘော ဖြတ်သန်း သွားလာခဲ့ခြင်းဖြင့် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသအတွက် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို သက်သေပြခဲ့ကြောင်း၊ အမေရိကန်စစ်တပ်သည် အပြည်ပြည် ဆိုင်ရာဥပဒေ ခွင့်ပြုထားသည့် နေရာတိုင်း ပျံသန်းခြင်း၊ ရွက်လွှင့်ခြင်းနှင့် ခုတ်မောင်းတို့ ရှိနေကြောင်း” ဟု ၎င်းရေတပ်က ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန် စစ်သင်္ဘောသည် ရေလက်ကြားကိုဖြတ်၍ မြောက်ဘက်သို့ ဦးတည် ခုတ်မောင်းသွားခဲ့ကြောင်း၊ ရေလမ်းကြောင်း အခြေအနေ ပုံမှန်အတိုင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မေလ ၁၀ ရက် နှောင်းပိုင်းတွင် တရုတ်လေတပ်မှ WZ-10 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးသည် ထိုင်ဝမ်ရေလက်ကြား၏ တရားမဝင် မဟုတ်သော အလယ်မျဉ်းကို ခေတ္တခဏ ပျံသန်းဖြတ်ကျော်ခဲ့ကြောင်း၊ ထိုသို့ အပြုအမူကို တရုတ်က ရံဖန်ရံခါ လုပ်တတ်သော်လည်း နှစ်ဖက်စလုံးမှ တိုက်လေယာဉ်များ ပျံသန်းခြင်းကို ရှောင်ရှားလေ့ရှိကြောင်း ၎င်းဝန်ကြီးဌာန၏ ထုတ် ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထိုင်ဝမ် အနောက်တောင်ပိုင်းရှိ ကမ်းရိုးတန်းနှင့် တောင်တရုတ် ပင်လယ်ထိပ်စွန်းရှိ ထိုင်ဝမ်ထိန်းချုပ်ထားသော ပရာတတ်စ် (Pratas) ကျွန်းစုများကြားတွင် တရုတ်လေတပ်မှ KA-28 အမျိုးအစား ရေငုပ်သင်္ဘော ဖျက်ရဟတ်ယာဉ် နှစ်စီးကိုလည်း တွေ့ရှိ ခဲ့ရကြောင်း ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်ကလည်း အမေရိကန် ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသည့် USS Sampson ဖျက်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားထဲ ဝင်လာခဲ့သေးသဖြင့် ယင်းသို့ စစ်ရေးမစ်ရှင်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တမင်တကာ ထိပါးလာခြင်းဖြစ်ကြောင်း တရုတ်က ရှုတ်ချခဲ့သည်။

Source: Reuters