CNI International News

ကိုင်ရို၊ မတ်လ ၁၆

ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲစတင်ခဲ့ပြီးကတည်းက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ စုစုပေါင်း ၃၁,၄၉၀ ဦးအထိ ရှိလာခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၅၀ နီးပါးရှိခဲ့သည်။

"ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၄၉ ဦး သေဆုံပြီး ၃၀၀ လောက် ဒဏ်ရာရ ခဲ့ပါတယ်။ စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဂါဇာမှာ သေဆုံးသူ စုစုပေါင်း ၃၁,၄၉၀ အထိ မြင့်တက်လာပြီး ဒဏ်ရာရသူ စုစုပေါင်း ၇၃,၄၃၉ ဦးအထိ ရှိခဲ့ပါတယ်"ဟု ကျန်းမာရေးဝန်ကြီးဌာနက Telegram တွင် ရေးသားဖော်ပြခဲ့သည်။

ဂါဇာဒေသက စစ်ပွဲဒဏ် ခံနေကြရသူများကို တွေ့ရစဉ်

ထို့ပြင် အလောင်းအချို့သည် အပျက်အစီးများအောက်တွင် ရှိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သားများက ထိုအလောင်းများကို ဆွဲထုတ်ရန် မတတ်နိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဂါဇာဒေသတွင်းရှိ ဟားမာ့စ်အဖွဲ့က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့ သဖြင့် အစ္စရေးနိုင်ငံတွင် အရပ်သား အများစု အပါအဝင် လူပေါင်း ၁၁၃၉ ဦးသေဆုံးခဲ့သည်။ 

ထို့နောက် အစ္စရေးက ဂါဇာဒေသကို စစ်ကြေညာပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကာ အိမ်နီးချင်း လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံများရှိ ဟားမာ့စ်အဖွဲ့ကို ထောက်ခံသည့် စစ်ရေးပစ်မှတ်များကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Source: တာ့စ်