CNI International News

မော်စကို၊ မတ်လ ၁၅

အမေရိကန်အနေဖြင့် ယူကရိန်းကို ၎င်းတို့၏စစ်သားများ စေလွှတ်မည်ဆိုပါက ရုရှားကလည်း နျူကလီးယား စစ်ပွဲဖြစ်ပွားရန်အတွက် အသင့်အနေအထားရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)က မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပူတင်သည် မတ်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း ကျင်းပမည့် ရုရှားသမ္မတရွေးကောက်ပွဲ မတိုင်မီ အမှာစကား ပြောကြားရာတွင် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေသည် ဝေးကွာနေဆဲဖြစ်ကြောင်း ယူကရိန်းတွင်လည်း နျူကလီးယား လက်နက်များ အသုံပြုရန် လိုအပ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“စစ်ရေး-နည်းဗျူဟာ ရှုထောင့်က ကြည့်မယ်ဆိုရင် ကျနော်တို့ဟာ (နျူကလီးယား စစ်ပွဲအတွက်) အဆင့်အနေ အထားရှိပါတယ်”ဟု အသက် ၇၁ နှစ်အရွယ် ပူတင်က နိုင်ငံပိုင် Rossiya-1 ရုပ်သံ၊ RIA သတင်းအေဂျင်စီတို့နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ၎င်းတို့ တပ်ဖွဲ့များကို ရုရှားနယ်နိမိတ် သို့မဟုတ် ယူကရိန်းသို့ ပို့ဆောင်မည်ဆိုပါက ရုရှား ကလည်း စစ်ရေးဖြင့် ပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပူတင်က ပြောသည်။

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ဒေသ ၄ ခုသည် ရုရှား၏ အစိတ်အပိုင်းများ ဖြစ်လာပြီဖြစ် ကြောင်း ရုရှားအစိုးရက ကြေညာထားသည်။

ယူကရိန်းစစ်သားတွေကိုတွေ့ရစဉ်

“အမေရိကန်မှာ ရုရှား-အမေရိကန် ဆက်ဆံရေးနယ်ပယ်နဲ့ မဟာဗျူဟာမြောက် တားမြစ်ကန့်သတ်မှုတွေကို နားလည်တဲ့ ကျွမ်းကျင်သူတွေ အလုံအလေက်ရှိပါတယ်။ အဲဒါကြောင့် နျူကလီးယား လက်နက်တွေနဲ့ ထိပ်တိုက် တွေ့မယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ အသင့်အနေအထားရှိပါတယ်”ဟု ပူတင်က ပြောသည်။

အမေရိကန်အစိုးရကမူ ၎င်းတို့သည် ယူကရိန်းသို့ စစ်သားများစေလွှတ်ရန် အစီအစဉ်မရှိကြောင်း သို့သော် ယူကရိန်းအတွက် လိုအပ်သည့် လက်နက်ပစ္စည်းများကို ထောက်ပံ့ပေးနိုင်မည့် ဥပဒေမူကြမ်းကို အတည်ပြုပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပူတင်၏ မှတ်ချက် စကားများနှင့်ပတ်သက်ပြီး အမေရိကန်က မှတ်ချက်တစ်စုံတစ်ရာ မပေးသေးသော်လည်း အိမ်ဖြူတော်ကမူ ရုရှားသည် နျူကလီးယား လက်နက်များ အသုံးပြုမည့် အရိပ်လက္ခဏာများ မတွေ့ရသေး ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတရုံးမှ အရာရှိတစ်ဦးဖြစ်သူ မိုင်ခါအီလို ပိုဒေါလ်ယက်ခ် (Mykhailo Podolyak) ကမူ ပူတင်၏ နျူကလီးယား သတိပေးချက်များသည် အနောက်နိုင်ငံများကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ