CNI News

၂၀၂၄ ခုနှစ်၊ မေလ ၆

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ခဲ့သော ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် လက်ရှိမှာတော့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နေပြီဖြစ်ကြောင်း ကုန်ကားမောင်းနှင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလက မြန်မာ့တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် လွယ်ဂျယ်မြို့ကို KIA က ထိန်း ချုပ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့သော်လည်း လက်ရှိတွင် ပြန်လည်စတင်နေပြီ ဖြစ် ကြောင်း၊ ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် လွယ်ဂျယ်မြို့အတွင်း၌ KIA က အခွန်ကောက်ခံနေကြောင်း၊ ဗန်းမော်မြို့နယ်မှာတော့ မြန်မာအစိုးရဘက်က အခွန်ကောက်ခံမှုများ ပြုလုပ်နေသည်ဟု သိရသည်။

သို့သော်လည်း တရုတ်နိုင်ငံမှ သွင်းကုန်များကို ဗန်းမော်ရှိ အကောက်ခွန်ရုံးက ဂျူတီချပေးခြင်း မရှိသည့်အတွက် ဖမ်းဆီးစစ်ဆေးခံရမှုများနှင့် ကြုံတွေ့နေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် လွယ်ဂျယ်ကုန်ကားသမား တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လွယ်ဂျယ်မြို့မုခ်ဦးနဲ့အတူ KIA ကိုတွေ့ရစဉ်

၎င်းက “နှစ်ဖက်စလုံးပဲ ပေးနေရတာပဲ။ တရုတ်ဘက်က ထွက်လာရင်တော့ KIA သိမ်းထားတဲ့ နယ်မြေဆိုတော့ KIA ဘက်ကို အခွန်ဆောင်။ ဒီဘက်ကို ရောက်လာရင်တော့ ဒီဘက် ဗန်းမော်ဂျူတီ အဲဒီလို လုပ်နေရတာပဲ။ လွယ်ဂျယ်မှာတော့ မရှိတော့ဘူး။ အဲဒီဘက်မှာတော့ ဒီဘက် အစိုးရအဖွဲ့အစည်း မရှိတော့ဘူး။ ဗန်းမော်ရောက်ရင် တောင်မှ သူတို့တွေ ဂျူတီမပေးဘူးလို့ ကြားတယ်။ အဲဒီအခါကျတော့ ကျနော်တို့ ပြည်မထဲကို ပစ္စည်းတွေ သယ်ဖို့ အတွက်ကျတော့ သယ်လို့မရဘူး အဲဒီလိုမျိုး ဖြစ်နေတယ်။ လမ်းမှာကျတော့ လက်ပံလှတို့၊ ပင်လယ်ကြီးတို့ ဘက်မှာဆိုရင်တော့ မတ္တရာဘက် အဲဒီမှာရှိတဲ့ ကာစတန် ဂျူတီဂိတ် အဲဒီဂိတ်တွေ၊ လမ်းမှာဖြတ်ရတဲ့ စစ်တပ်ဂိတ် တွေဘာတွေ အဲဒီလို ဂျူတီမပါတဲ့ ကုန်တွေဆိုရင်တော့ အဖမ်းအဆီးတွေ၊ အစစ်ဆေးတွေ အများကြီးရှိတယ်ဗျ” ဟု ပြောသည်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ပြီဆိုသော်လည်း တချို့သော ကုန်တင်ကားသမားများမှာ စိုးရိမ်မှုကြောင့် သွားလာခြင်း မရှိကြောင်း သိရသည်။

ထို့နောက် လက်ရှိရာသီသည် ကချင်ပြည်နယ်မှတဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည့် သစ်သျှူးငှက်ပျော ရာသီ ကုန်ဆုံးချိန်ဖြစ်၍ ကုန်သွယ်မှု မရှိသလောက် နည်းပါးနေကြောင်း ကုန်ကားသမားများက ပြောသည်။

ပို့ကုန်တင်ပို့မှု နည်းပါးသော်လည်း တရုတ်နိုင်ငံမှ သွင်းကုန်တင်သွင်းမှုသည် အထိုက်အလျောက်ရှိနေကြောင်း သိရသည်။

သို့သော်လည်း KIA မှ ငွေကြေးကောက်ခံနေမှုနှင့် နစက၏ စစ်ဆေးရေးဂိတ်များမှ ငွေကြေးကောက်ခံမှုများ ပေးရသည့် နှုန်းထားသည် ယခင်ကထက် ၂ ဆခန့် မြင့်တက်လျက်ရှိနေသည်ဟု လွယ်ဂျယ်ကုန်ကားသမား ကိုအောင်ဇင်က CNI သတင်းဌာနသို့ ပြောသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်ကို တွေ့ရစဉ်

၎င်းက “ပေးရတဲ့ အနေအထားက ၁၀ ကဏန်းလောက် ကွာသွားတယ်။ အဲဒီလိုမျိုးတွေတော့ ရှိတယ် ပေးရတဲ့ ကဏန်းတွေကတော့ ကုန်ကျစရိတ်က ပိုများသွားတာပေါ့ နှစ်ဖက်အဖွဲ့အစည်းဆိုတော့။ ခန့်မှန်းခြေ ဘယ်လောက်ရှိနိုင်လဲဆိုတော့ ခါတိုင်းသွားတာ ကျနော်တို့ အခုကတော့ ၂ ဆပေါ့ဗျာ။ အရင်တုန်းက ၄ သိန်းကျော် လောက် ကုန်တဲ့အဆင့်မှာ အခုကျတော့ ၁၀ ကဏန်းလောက် တက်သွားတာပေါ့။ အဲဒီလိုမျိုး ကုန်ကျစရိတ်က များသွားတဲ့အတွက် လူသုံးကုန်တွေ ပိုပြီးတော့ ဈေးကြီးသွားမှာပေါ့။ ၁၀ ကဏန်းကတော့ အထက်ပါပဲ။ အခုက အခွန်အခလည်း ပိုများလာတယ်။ ဒါပေမယ့် အမျိုးမျိုးပေါ့။ တချို့ကျတော့လည်း ကုန်တွေကိုပဲ တောင်းတယ်။ ကားတွေကို မတောင်းဘူးပေါ့။ တချို့ကျတော့လည်း ကားရော၊ ကုန်ရော တောင်းတယ်။ အခုနောက်ပိုင်းဖြစ်နေ တာက ကားတွေကိုတော့ သိပ်မတောင်းဘူး။ ကုန်တွေအပေါ်ကိုပဲ အများဆုံးတောင်းတဲ့ပုံစံ ဖြစ်နေတယ်။ အခု ကားတွေကလည်း လုပ်ငန်းလက်ခံမယ်ဆိုရင် လမ်းကြေး အငြိမ်းပေါ့ အဲဒီလို လက်ခံတာများတယ်။ ကုန်သည်တွေ ပဲ စိုက်ပေးပြီး သွားရတာပေါ့။ ကျနော်တို့ကတော့ အဲဒီလိုမျိုး အငြိမ်းပဲ လုပ်တာများတယ်” ဟု ပြောသည်။

လွယ်ဂျယ်နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်လိုက်သော်လည်း ဒေသခံများ တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ် ရာတွင် ထိုနယ်စပ်ဂိတ်မှ ဝင်ထွက်၍ မရသေးကြောင်း၊ လိုင်ဇာနှင့် မိုင်ဂျာယန် နယ်စပ်ဂိတ်ပေါက်မှတဆင့်သာ ဖြတ်သန်းခွင့် ပြုထားကြောင်း သိရသည်။