CNI International News

အစ္စလာမ်မာဘက်၊ မတ်လ ၁၅

မွတ်ဆလင်ဘာသာဝင်တို့၏ ရာမဒန် ဥပုသ်ကာလအတွင်း မိမိတို့ပါတီအနေဖြင့် ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း ပါကစ္စတန် တာရစ်ခ် အီ အင်ဆက်ဖ် (PTI) ပါတီခေါင်းဆောင် အလီ ဇက်ဖာ (Ali Zafar) က ပြောသည်ဟု Dailyhunt သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

PTI ပါတီ အစည်းအဝေးအတွင်း နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြရေးနှင့် ပတ်သက်သည့် အစီအစဉ်ကို ပြန်လည် သုံးသပ်ရာတွင် ရာမဒန်ဥပုသ်လ အဆုံးသတ်သော အစ်နေ့အထိ စောင့်ဆိုင်းခြင်းမပြုဘဲ  ဥပုသ်ကာလ တောက်လျှောက် ဆန္ဒပြမှုများ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ဇက်ဖာက ပြောကြားခဲ့သည်။

“ဒီနေ့ ကျနော်တို့ တွေ့ရတာကတော့ သူတို့ (အာဏာပိုင်များ)တွေက အမ်မရန်ခန်း (Imran Khan) နဲ့ တွေ့ခွင့် မပေးပါဘူး။ အဲဒါကြောင့် အဒီယာလာ (Adiala) အကျဉ်းထောင်အပြင်ဘက်မှာ ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

အစောပိုင်းကလည်း PTI ပါတီခေါင်းဆောင် အအိုမာ အာယွဘ် (Omar Ayub)က ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ် ခဲ့သည့် အကွက်ဆင်ထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြကြရန် တိုက်တွန်းခဲ့သည်။

 PTI ပါတီကို တွေ့ရစဉ်

အစ္စလာမ်မာဘက်မြို့တော်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ အာယွဘ်က နိုင်ငံ၏ အာဏာသည် ခိုးယူခံခဲ့ရ ကြောင်းနှင့် ၎င်းတို့၏ PTI ပါတီသည် ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် နေရာပေါင်း ၁၈၀ ကို ရရှိခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် PTI ပါတီ၏ ထိပ်သီးခေါင်းဆောင် ၁၀၀ ကျော်ကို တရားမဝင် ဖမ်းဆီးခဲ့ပြီး  အစိုးရသည် ဖက်စစ်အမူအကျင့်များကို ကျင့်သုံးခဲ့ကြောင်း စွပ်စွဲခဲ့ကာ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခံခဲ့ရသည်ဟု အာယွဘ်က ပြောကြားခဲ့သည်။

PTI ပါတီသည် တရားရေး စံချိန်စံနှုန်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုရှိကြောင်း၊ ပါတီအနေဖြင့် နိုင်ငံ တစ်ဝန်းနှင့် ဥပဒေပြုလွှတ်တော်များထဲတွင် ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် အာယွဘ်သည် နိုငိင်ရေးပြိုင်ဘက်များ အထူးသဖြင့် ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှု (PDM) ကိုလည်း ဝေဖန်ခဲ့ပြီး ၎င်းတို့၏ ပြိုင်ဘက်များသည် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှင့် အစိုးရမူဝါဒများကို ထိခိုက်စေခဲ့ကာ စီးပွားရေးအတွက် စိန်ခေါ်မှုများကို ပေါ်ပေါက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: Dailyhunt