CNI News

၂၀၂၄ ခုနှစ်၊ မေလ ၆

အမျိုးသားများအား ပြည်ပထွက် အလုပ်လုပ်ခွင့်အား ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားခြင်းသည် တစ်ဖက် နိုင်ငံမှ လုပ်သားခေါ်ယူမှု ဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများနှင့် အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံကူးလက်မှတ် PJ အမျိုးအစား ကိုင်ဆောင်ထားသည့် အမျိုးသားများအား မေလ ၁ ရက်နေ့မှ စတင်ကာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ယာယီရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ပိတ်လိုက်ခြင်းကြောင့် တစ်ဖက်နိုင်ငံများမှ လုပ်သားခေါ်ယူရာတွင် မြန်မာနိုင်ငံသားများအစား အခြား နိုင်ငံသားများကို ပြောင်းလဲခေါ်ယူကြမည်ဖြစ်သည့်အတွက် လုပ်သားခေါ်ယူမှု ဈေးကွက်အပေါ် သက်ရောက်မှု ရှိသွားနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပထွက် အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်

“အဲဒါကတော့ ရှိနိုင်တာပေါ့။ သူတို့ဘက်အခြမ်းကတော့ ခေါ်ဆိုတဲ့ နိုင်ငံတွေပေါ့လေ။ ဆိုက်ရောက်နိုင်ငံတွေ ကလည်း သူတို့လည်း စီစဉ်ထားမယ်လို့ ကျနော်ထင်တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အထူးသဖြင့်တော့ မြန်မာပြည်က အလုပ်သမားတွေကို သူတို့အနေနဲ့ လိုအပ်တာ မှန်တော့မှန်တယ်။ ဒါပေမယ့် ခေါ်ယူရေးမှာ ခုနက လို အခက်အခဲတွေ အများကြီး ကြုံလာရပြီဆိုရင်တော့ သူတို့ကတော့ နည်းနည်း အဆင်ပြေမယ့်ဟာကို သူတို့ ပိုပြီးတော့ခေါ်မှာ။ ဥပမာအားဖြင့် ကမ္ဘောဒီးယားဘက်ကို ပိုခေါ်မလားပေါ့။ ဒီမှာ (ထိုင်းမှာ) က ဒုတိယ အများဆုံး က ကမ္ဘောဒီးယားပေါ့။ ကျန်တဲ့ နိုင်ငံတွေ ဗီယက်နမ်၊ လာအို အစရှိသဖြင့်ပေါ့လေ။ ဒါပေမယ့် ကျန်ခဲ့တဲ့ တစ်ပတ် လောက်ကတော့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ free trade တို့ဘာတို့ ဒါတွေ အကုန်လုံး ဆွေးနွေးတာတို့၊ သဘောတူ တာတို့ လုပ်နေတာ‌တွေ့ရတယ်။ အရင်တုန်းကလည်း ဘင်္ဂလားဒေ့ရှ်ကနေ ရွှေ့ပြောင်း အလုပ်သမားခေါ်ဖို့ လုပ်ဖူး တယ်” ဟု ၎င်းက ပြောသည်။

အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သည့် ထိုင်းသည် မြန်မာရွှေ့ပြောင်း လုပ်သားများအား MOU ဖြင့် အများအပြား ခေါ်ယူ တတ်သော်လည်း ယခုကဲ့သို့ ဆက်လက် ပိတ်ထားမည်ဆိုပါက ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် တရားမဝင် အဖြစ် နေထိုင်နေသူများအား လူသစ်ဘတ် ရိုက်ပေးခြင်း ပြုလုပ်လာနိုင်ကြောင်း ထောက်ပြကြသည်။

ယခုကဲ့သို့ အမျိုးသားများအား ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ခြင်းသည် အချိန်ကာလအားဖြင့် လပိုင်းခန့်သာ ဖြစ်နိုင်ကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းများအကြား သုံးသပ်မှုများရှိသည်။

ထိုသို့ လျင်မြန်စွာ ဆောင်ရွက်လိုက်ခြင်းကြောင့် အေဂျင်စီများ ဘက်တွင်လည်း ထိခိုက်မှုများရှိပြီး ပြန်လည်ခွင့်ပြု မည့် အချိန်ကိုသာ စောင့်ဆိုင်းနေရကြောင်းလည်း သိရသည်။

ပြည်ပနိုင်ငံများမှ မြန်မာလုပ်သားများ ခေါ်ယူရာတွင် အမျိုးသားများကိုသာ အဓိကထား ခေါ်ယူကြခြင်းဖြစ်သည့် အတွက် အလုပ်ခေါ်စာများ၌ အမျိုးသမီးလုပ်သား ခေါ်ယူမှုမရှိပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများ အနေဖြင့် လုပ်ငန်းခေတ္တရပ်နားထားရမည့် အနေအထားဖြစ်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပထွက် အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်

၎င်းက “ယာယီရပ်ဆိုင်းတယ်။ ပြန်တော့ ပြန်ဖွင့်ပေးမှာပေါ့ အခြေအနေတစ်ခုမှာ။ အမျိုးသမီး demand တွေ တော့ ခွင့်ပြုထားတယ်။ တင်ထားပြီးတဲ့ demand တွေကတော့ ဆက်လက် လွှတ်ခွင့်ရှိတယ်။ အဟောင်းလုပ်ပြီး သားတွေက သွားလို့ရတယ်ဆိုတော့ အဲဒါတွေပြီးသွားရင်တော့ ခဏနားကြပေါ့ ဒါပဲရှိတယ်။ အမျိုးသမီး demand ရှိတာ လုပ်ကြပေါ့။ မိန်းကလေးက နည်းတယ်။ မိန်းကလေးက ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတာ။ demand အသစ် ရလို့ မိန်းကလေးဆိုရင်တော့ ကုမ္ပဏီတွေ အလုပ်မနားရဘဲ ဖြေးဖြေးချင်း ဆက်လုပ်သွားရမယ်။ မိန်းကလေး demand ရရင် အန်ကယ်တို့ ဆက်လုပ်လို့ရမယ်” ဟု ပြောသည်။

နိုင်ငံကူးလက်မှတ် PJ အမျိုးအစား ကိုင်ဆောင်ထားသည့် အမျိုးသားများအား မေလ ၁ ရက်နေ့မှ စတင်ကာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ပိတ်ထားခြင်း ဖြစ်သော်လည်း ၎င်းမတိုင်ခင် ကာလကတည်းက ခွင့်ပြုချက် ကျထားပြီးသူများအနေဖြင့် ထွက်ခွာခွင့်ရရှိကြောင်း သိရသည်။

ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းသည် တရားမဝင် လမ်းကြောင်းဖြင့် သွားရောက်ကြရန် တွန်းအားပေး လိုက်သကဲ့သို့ ဖြစ်သွားကြောင်းလည်း ထောက်ပြမှုများရှိသည်။