CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၅

ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ယူကရိန်း၏ လိုင်ဆက်ချန့်စ် (Lysychansk) မြို့ရှိ ပေါင်မုန့်ဆိုင် တစ်ဆိုင်ပေါ် သို့ ဖေဖော်ဝါရီ ၃ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့သည် ဟု အေပီမှ ဖော်ပြခဲ့သည်။

သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦး ပါဝင်ပြီး ကယ်ဆယ်ရေးသမားများသည် အဆောက်အအုံ အပျက်အစီး များအောက်မှ လူ ၁၀ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ရုရှားအစိုးရက ခန့်အပ်ထားသည့် ဒေသခံ ခေါင်းဆောင်တစ်ဦးဖြစ်သူ လီယိုနစ် ပါဆက်ချ်နစ်ခ် (Leonid Pasechnik)က ပြောကြားခဲ့သည်။

ယူကရိန်းအရာရှိများကမူ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

ယူကရိန်း-ရုရှား စစ်ပွဲ ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်နီးပါး ကြာမြင့်လာချိန်တွင် ၁၅၀၀ ကီလိုမီတာ ( မိုင် ၉၃၀) ရှည်လျား သည့် ရှေ့တန်းစစ်မျက်နှာပြင်၌ သိသာသည့် အပြောင်းအလဲများ မရှိသေးဘဲ ယခုနှစ် ဆောင်းရာသီတွင် နှစ်ဖက် စလုံးက တာဝေးပစ် လက်နက်များကို အများဆုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံခဲ့ရပြီး ရှေ့တန်းစစ်မြေပြင်များတွင် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေသည်ဟု ယူကရိန်းစစ်ဦးစီးချုပ်က ဖေဖော်ဝါရီ ၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

လီယိုနစ်ပါဆက်ချ်နစ်ခ်ကို တွေ့ရစဉ်

ရုရှားတပ်ဖွဲ့များက ယူကရိန်းတပ်ဖွဲ့များကို ဝိုင်းပတ်ချေမှုန်းရန် ကြိုးပမ်းနေသည့် အက်ဒစ်ဗ်ကာ (Avdivka) မြို့တွင် နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်နေသည်။

ထို့နောက် ကူပီယန့်စ်ခ် (Kup’yans’k) ၊ လိုင်မန် (Lyman) ၊ ဘက်ခ်မွတ် (Bakhmut) နှင့် ဇာပိုရီရှား (Zaporizhzhia)မြို့များတွင်လည်း ယူကရိန်းတပ်ဖွဲ့များက ခံစစ်ဆင်နေကြောင်း ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၃ ရက်က မတူညီသည့် နေရာဒေသ ၁၆ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ် အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ဆူမိုင် (Sumy) ဒေသတွင် ရုရှားတပ်များ၏ အဖျက်အမှောင့် အစီအစဉ်များကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်းပူးတွဲတပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဆာဟိုင်း နာအိဗ် (Serhii Naiev) က ပြောကြားခဲ့သည်။

Source: အေပီ