CNI International News

ဝါရှင်တန်၊ မေလ ၂၇

အချိန်တိုကာလအတွင်း ရုရှားသည် ယူကရိန်းတွင် စစ်ရေးအရ အနိုင်ယူနိုင်ခြင်းရှိမည် မဟုတ်သလို ယူကရိန်း တို့သည်လည်း ၎င်းတို့မြေပေါ်မှ ရုရှားတပ်ဖွဲ့များကို ရှင်းထုတ်နိုင်လိမ့်မည်မဟုတ်ဟု အမေရိကန်၏ စစ်ဘက် ဆိုင်ရာ ထိပ်တန်းအရာရှိကြီးတစ်ဦးက သုံးသပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

စစ်ပွဲတွင် ရုရှားသည် စစ်ရေးအရ အနိုင်ရရှိလိမ့်မည်မဟုတ်ဟု အမေရိကန်စစ်ဦးစီးချုပ်များ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ်မိုင်လီ (Mark Milley) က အင်္ဂါနေ့တွင် ပြောခဲ့သည်။ ကိယက်ဗ်အစိုးရအား ဖြုတ်ချရေးအပါအဝင် ရုရှား၏ မူလမဟာဗျူဟာမြောက် ရည်ရွယ်ချက်များမှာ စစ်ရေးအရ အောင်မြင်နိုင်ဖွယ်မရှိဟု မိုင်လီက ရမ်းစတိန်းအဖွဲ့ (Ramstein) အဖွဲ့ဟု ထင်ရှားသည့် ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့၏ (Ukraine Defense Contact Group) အဖွဲ့ဝင်နိုင်ငံများနှင့် ဗီဒီယိုတွေ့ဆုံမှုတစ်ခုအပြီးတွင် သတင်းထောက်များကို ပြောခဲ့သည်။

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင် ရာပေါင်းများစွာရှိနေခြင်းကြောင့် ရုရှားတို့ သိမ်းပိုက်ထားရာ ယူကရိန်းနယ်မြေ များကို ပြန်လည်သိမ်းပိုက်ရေးအတွက် ယူကရိန်းစစ်တပ်၏ ရည်ရွယ်ချက်ကိုလည်း မကြာမီအချိန်အတွင်း ပြည့်မီအောင် ဆောင်ရွက်နိုင်ဖွယ်မရှိဟု မိုင်လီက ပြောသည်။

ယင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေဦးမည်ဖြစ်ကာ သွေးထွက်သံယိုမှုများ ပိုများ၍၊ ခက်ခဲမှုများ ရှိနေဦးမည် ဖြစ်ကြောင်း၊ တစ်ချိန်ချိန်တွင် နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးခြင်း(သို့မဟုတ်) စစ်ရေးအရ အဆုံးသတ်ခြင်းတို့ လုပ်ဆောင်ကြလိမ့်မည်ဟုလည်း မိုင်လီက သုံးသပ်ခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(ဝဲ)နှင့် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ် မိုင်လီတို့ကို ၂၀၂၃ ခုနှစ် မေ ၂၅ ရက်က ဝါရှင်တန်ဒီစီရှိ ပင်တဂွန်စစ်ဌာနချုပ်၌ ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့၏ အွန်လိုင်းအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

မိုင်လီ၏ သုံးသပ်မှုသည် နှစ်ဖက်စလုံးတွင် စစ်နိုင်ရန်အလားမလာရှိမနေခြင်း၊ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင် သွားရန်မရှိခြင်းတို့ကြောင့် ယူကရိန်းစစ်ပွဲသည် ဆက်လက် သက်ဆိုးရှည်နေလိမ့်မည်ဆိုသောခန့်မှန်းမှုများကို ပို၍ အားကောင်းလာစေခဲ့သည်။

တစ်ဖက်တွင်လည်း ရုရှားသမ္မတ ပူတင် (Putin)၏ ကာလရှည် မဟာမိတ်ဖြစ်သူ ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ် (Medvedev) က ယူကရိန်းစစ်ပွဲသည် နှစ်ဆယ်ချီ ကြာမြင့်သွားနိုင်သည်ဟုလည်း ပြောခဲ့သည်။

ရုရှား RIA သတင်း၏ မေ ၂၅ ထုတ်ပြန်ချက်အရ ယူကရိန်းပဋိပက္ခသည် ကာလရှည်ကြာမြင့်နိုင်ကြောင်း၊ ဆယ် စုနှစ်ချီ၍ ကြာနိုင်ကြောင်း ဗီယက်နမ်သို့ ရောက်ရှိနေစဉ် မက်ဗီဒက်ဗ်က ပြောခဲ့သည်ဟု သတင်းတွင် ဖော်ပြ သည်။

ယူကရိန်းတွင် ယခုကဲ့သို့ အင်အားရှိနေသ၍ သုံးနှစ်ကြာ အပစ်အခတ်ရပ်စဲ၍ နှစ်နှစ်ကြာ တိုက်ပွဲဖြစ်ပွားကာ အရာအားလုံးသည် ထပ်ခါထပ်ခါ သံသရာလည်နေလိမ့်မည်ဟု မက်ဗီဒက်ဗ်က ထပ်လောင်းပြောသည်။ ၎င်းသည် ရုရှား၏အင်အားကြီး လုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူထားသူဖြစ်သည်။

မက်ဗီဒက်ဗ်သည် ယူကရိန်းအပြင် ရုရှား၏ရန်သူဟု ယူဆထားသော နိုင်ငံများအပေါ် ပြင်းထန်စွာ ဝေဖန်ပြစ်တင် ပြောဆိုမှုများ၌ ထင်ရှားသူဖြစ်ကာ ယူကရိန်းစစ်ပွဲတွင် ရုရှားသာ ရှုံးနိမ့်ခဲ့ပါက နျူကလီးယားစစ်ပွဲအထိ ဖြစ်လာ နိုင်သည်ဟုလည်း ယခုနှစ်အစောပိုင်းက ပြောခဲ့ဖူးသည်။

Source:Aljazeera