CNI International News

မနီလာ၊ ဖေဖော်ဝါရီ ၅

ဖိလစ်ပိုင်အစိုးရအနေဖြင့် နိုင်ငံအားပြိုကွဲစေမည့် အားထုတ်ကြိုးပမ်းမှုများကို အင်အားသုံး နှိမ်နင်းသွားမည်ဟု ဖိလစ်ပိုင်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အီဒူရာဒို အန်နို (Eduardo Ano)က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး (Rodrigo Duterte)က ၎င်း၏ မွေးရပ်ဇာတိဖြစ်သည့် မင်ဒါနာအို (Mindanao) ပြည်နယ်ကို နိုင်ငံအတွင်းမှ ခွဲထွက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် သမ္မတသစ် ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) ၏ အစိုးရအဖွဲ့ထဲမှာ လုံခြုံရေးအရာရှိဖြစ်သူ အန်နို၏ မှတ်ချက် စကား ထွက်ပေါ်လာခြင်းဖြစ်သည်။ 

"နိုင်ငံတော်အစိုးရဟာ နိုင်ငံပြိုကွဲမယ့် အားထုတ်ကြိုးပမ်းမှု အားလုံးကို တားဆီးဖို့နဲ့ နှိမ်နင်းဖို့အတွက် အာဏာနဲ့ အင်အားကို အသုံးပြုသွားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး" ဟု အန်နိုက ပြောကြားခဲ့သည်။

သမ္မတဟောင်း ဒူတာတေးက ၎င်းနေရာကို ဆက်ခံသူသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အစီအစဉ်များ အတိုင်း ဆက်လက် လုပ်ဆောင်ခဲ့မည်ဆိုပါက မင်ဒါနာအိုဒေသသည် လွတ်လပ်ရေး ရလာလိမ့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတိပေးခဲ့သည်။ 

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို တွေ့ရစဉ်

မားကို့စ်သည် နိုင်ငံစီးပွားရေးကို လှုံ့ဆော်ရန် ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စီးပွားရေး အစီအစဉ်များကို ပြန်လည်စိစစ်ရန် အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံခဲ့သော်လည်း မားကို့စ်သည် ၎င်း၏ အာဏာတည်မြဲ ရေးကို ခိုင်မာစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း ဒူတာတေးက စွပ်စွဲခဲ့သည်။

ဒူတာတေး၏ မှတ်ချက်စကားများကြောင့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲက မဟာမိတ်ဖွဲ့ပြီး အနိုင်ရခဲ့သည့် ဖိလစ်ပိုင် ၏ အင်အားအကြီးဆုံး နိုင်ငံရေးမိသားစုများဖြစ်သော ဒူတာတေးမိသားစုနှင့် မားကို့စ်မိသားစုအကြား သဘော ထား ကွဲလွဲမှုများကို မီးမောင်းထိုး ဖော်ပြနေသည်။

မားကို့စ်သည် ပြီးခဲ့သည့်လက ဒေသခံမီဒီယာတစ်ခုနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဖိလစ်ပိုင်၏ ကန့်သတ်ချက် များ များပြားသည့် ဖွဲ့စည်းပုံဆိုင်ရာ ပြဋ္ဌာန်းချက်များကို စိုးရိမ်ကြောင်းနှင့် နိုင်ငံရေးသမားများ၏ အာဏာရယူခွင့် သက်တမ်း ကန့်သတ်ချက်များအား ပြောင်းလဲရန် အစီအစဉ်များကို ဆက်လက် လုပ်ဆောင်နေကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အီဒူရာဒိုအန်နိုကို တွေ့ရစဉ်

ဒူတာတေးကမူ မားကို့စ်အနေနှင့် ၎င်း၏ အာဏာတည်မြဲရေးအတွက် ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက သူ့ဖခင် (ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်) ကဲ့သို့ ရာထူးမှ ဖယ်ရှားခံရနိုင်ကြောင်း သတိပေးခဲ့သည်။

လက်ရှိသမ္မတ မားကို့စ်၏ ကွယ်လွန်သွားပြီဖြစ်သည့် ဖခင်ဖြစ်သူ ဖာဒီနန်မားကို့စ်သည် ဖိလစ်ပိုင်နိုင်ငံကို ဆယ်စုနှစ် နှစ်စုကြာ အုပ်ချုပ်ခဲ့ပြီး ၁၉၈၆  ခုနှစ်တော်လှန်ရေးတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

Source: ဘန်ကောက်ပို့စ်