CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁

ရက္ခိုင့်တပ်တော် (AA) က ဒေသမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည့်ဒဏ်ကို ဒေသခံရခိုင်များ ခံစားနေရ ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရခိုင်တွင် မိုခါမုန်တိုင်းအပြီး ၇ လခန့်အကြာတွင် AA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က နယ်ခြားစောင့် ဒုံးပိုက်ရဲကင်းစခန်းကို စတင်တိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “AA သောင်းကျန်းသူ အဖွဲ့အနေဖြင့် ဒေသမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် နေသည့်အတွက် အဆိုပါဒဏ်ကို ဒေသခံရခိုင်တိုင်းရင်းသား အများစုသာ  အဓိကခံစားနေကြရပါကြောင်း၊ ယခု အချိန်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံကျောင်းများနှင့် တက္ကသိုလ်များ ပညာသင်ကြားနေသည့် အချိန် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ချိန်တွင် အခြေခံပညာကျောင်းသားဦးရေ ၅၇၃,၀၀၀ ဦး တက်ရောက်ခဲ့ပြီး ယခုအချိန်တွင် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် ခြိမ်းခြောက်မှုများ ကြောင့် အခြေခံကျောင်းများတွင် ၂၇၉,၃၉၂ သာ ကျောင်းတက်လျက်ရှိပါကြောင်း၊ ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက်မှု ဖြစ်ခြင်းကြောင့် AA သောင်းကျန်းသူအဖွဲ့၏ ဆိုးကျိုးကို ဒေသခံတိုင်းရင်းသား ကျောင်းသား/သူများ ၏ အနာဂတ်ထိခိုက်သည်အထိ ခံစားနေကြရပါသည်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှသာ ဒေသခံနောင်လာနောင်သားများကို ကောင်းမွန် သည့် အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့် အတွက် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အောင် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာခဲ့သည်။ 

အဆိုပါ လမ်းပိတ်ဆို့မှုများကြောင့် ဒေသတွင်း ကုန်သွယ်ရေးပြတ်တောက်သွားသလို ကုန်ဈေးနှုန်းများလည်း ကြီးမြင့်လာခဲ့သည်။

မြန်မာ့နိုင်ငံရေးပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းသင့်ကြောင်း၊ လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် အခင်း အကျင်းကိုလည်း ဖန်တီးသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေက နိုင်ငံရေးပြဿနာဖြစ်တယ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာရဲ့ အကျိုးဆက်တွေ ဖြစ်တယ်၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုံးရှုံးခဲ့တဲ့ ပြဿနာဖြစ်တယ်၊ အဲဒါကြောင့် ဒီနိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမယ့် လုပ်ငန်းစဉ်တွေကို အားထည့် အားစိုက် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုတယ်၊ အဲဒီလို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းတဲ့နေရာမှာ အားစိုက်ပြီး လုပ်ကိုင်ဆောင်ရွက်မှုကို မလုပ်နိုင်ဘဲနဲ့ ပါးစပ်က ပြောရုံသက်သက်နဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ မလုပ်ခဲ့လို့ ပါးစပ်နဲ့ ပြောရုံသက်သက်ပဲ ဖြစ်နေခဲ့တဲ့ အခြေအနေကြောင့် အခုလို တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ကျနော် အဲဒီလိုမြင်တယ်” ဟု ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့သော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ကြား တိုက်ပွဲ များကြောင့် ဒေသခံပြည်သူ ၅ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ချင်းပြည် နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။