CNI International News

တိုင်ပေ၊ ဖေဖော်ဝါရီ ၁

တရုတ်သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းနှင့် နီးစပ်သည့် လေယာဉ်ပျံသန်းမှု လမ်းကြောင်းကို တစ်ဖက် သတ် ပြောင်းလဲခဲ့ပြီးနောက် ထိုင်ဝမ်အစိုးရက တရုတ်၏လုပ်ဆောင်မှုကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

တရုတ်၏ လုပ်ဆောင်မှုသည် ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးအရ ဖြစ်နိုင်ခြေရှိသည့် အခြေအနေအတွက် ရှိရင်းစွဲ အနေအထားကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲရန် ကြိုးပမ်းချက်တစ်ခု ဖြစ်နိုင်ကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။

တရုတ်၏ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့၏ ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ စပြီး M503 လေကြောင်းလိုင်း ပျံသန်းသည့်လမ်းကြောင်းကို ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းအနီး အနောက်ဘက်လမ်းကြောင်းမှ ပျံသန်းမှုကို ဖျက်သိမ်းကြောင်း ဖော်ပြထားသည်။ 

ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းသည် တရုတ်နှင့် ထိုင်ဝမ်အကြား တရားမဝင် ရေကြောင်းနယ်စပ် တစ်ခု အဖြစ် ရှုမြင်ခံထားရသော်လည်း တရုတ်သည် ထိုစည်းကို အသိအမှတ်မပြုဘဲ စစ်လေယာဉ်များနှင့် စစ်သင်္ဘော များကို စေလွှတ်ပြီး ဖြတ်သန်းမောင်းနှင်မှုများ ပြုလုပ်ခဲ့သည်။ 

ထို့ပြင် တရုတ်သည် ထိုင်ဝမ်ကျွန်း၏ ဦးတည်ချက်ဖြစ်သည့် အနောက်ဘက်မှ အရှေ့ဘက်သို့ သွားရောက်သော လမ်းကြောင်းများကို ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ထိုင်ဝမ်က စစ်ရေးပြင်ဆင်ထားစဉ်

ထိုလေကြောင်းခရီးစဉ် လမ်းကြောင်းများသည် ထိုင်ဝမ်သို့ ပုံမှန်ပျံသန်းသည့် ရှားမင် (Xiamen) နှင့် ဖူကျိုး (Fuzhou) မြို့များမှ ပျံသန်းထွက်ခွာသော လမ်းကြောင်းများဖြစ်သည်။

အဆိုပါ လေကြောင်းခရီးစဉ် လမ်းကြောင်းများသည် ထိုင်ဝမ်က ထိန်းချုပ်ထားသည့် ကင်မန် (Kinmen)၊ မတ်ဆု (Matsu) ကျွန်းများနှင့် နီးကပ်စွာ တည်ရှိသည်။ 

ထိုင်ဝမ် မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် တရုတ်မူဝါဒရေးရာ ချမှတ်ရေး ပြည်မကြီးရေးရာကောင်စီတို့ကမူ တရုတ်၏ မူဝါဒသည် တစ်ဖက်သတ်ဆန်ပြီး ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်သည် လေကြောင်း ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုပြီး ထိုင်ဝမ်ကို လေးစားမှုမရှိဘဲ အရပ်ဖက် လေကြောင်းလိုင်းများကို နိုင်ငံရေးနှင့် စစ်ရေးအရ အသုံးချရန် ကြိုးပမ်းနေသည်ဟု ထိုင်ဝမ်၏ ပြည်မကြီးရေးရာ ကောင်စီက ပြောကြားခဲ့သည်။ 

တရုတ်သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်း တည်ရှိမှုကို ငြင်းဆိုနေပြီး ထိုစည်းကို အလုံးစုံ ပယ်ဖျက်ရန် ကြိုးပမ်းနေကြောင်း ထိုင်ဝမ်၏ အမျိုးသားမူဝါဒ ဖောင်ဒေးရှင်းမှ စစ်ရေးသုတေသီ ချိန်းချောင် (Chieh Chung) က ပြောကြားခဲ့သည်။ 

Source: Japan Times