CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာစွန်းဝေတုန်တို့ ဇန်နဝါရီ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း များကို ဆွေးနွေးခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နစကဘက်က နစကဥက္ကဋ္ဌ၊ နစက၏ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံ ခြားရေးဝန်ကြီး ဦးသန်းဆွေ၊ NSPNC ဥက္ကဋ္ဌနှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်တို့ တက်ရောက်ခဲ့သလို တရုတ်ဘက်ကတော့ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာစွန်းဝေတုန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့ တက်ရောက်ခဲ့ကြသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ၍ နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးသည့် ရက်မှာပဲ လောက်ကိုင်မြို့ကို ကွပ်ကွဲနေသည့် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ)အား နောက်ဆုတ်ပေးလိုက်ရပြီး ကိုးကန့်တပ်ဖွဲ့(MNDAA)က ထိန်းချုပ်သွားခဲ့သည်။

ထို့အပြင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ကို MNDAA၊ TNLA၊ BPLA တို့ပူးပေါင်း၍ တိုက်ခိုက်လာခဲ့ရာ ဟိုပန်ဗျူဟာမှူးနှင့်တပ်ဖွဲ့ကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ခေါ်ထုတ်ကာ လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းပေးခဲ့ရသသည်။

ထို့နောက် UWSA က ဟိုပန်နှင့်ပန်လုံမြို့နယ်များကို ထိန်းချုပ်လိုက်ပြီး UWSA အလံများလွှင့်ထူထားလိုက်သည်။

အဆိုပါ ရှမ်းပြည်နယ်မြောက်ပိုင်း(တရုတ်နယ်စပ်)တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-TNLA-AA)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဇန်နဝါရီ ၇ ရက်မှ ၉ ရက်နေ့အထိ တတိယအကြိမ် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။