CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂

အမေရိကန်စစ်တပ်သည် ယီမင်နိုင်ငံအတွင်းရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီသူပုန်များ ပိုင်ဆိုင်သော ဒရုန်း ၁၀ စင်းနှင် မြေအောက်ထိန်းချုပ်ရေးစခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်က အမေရိကန်တပ်ဖွဲ့များ သည် ဒေသတွင်း ကုန်တင်သင်္ဘောများနှင့် အမေရိကန် စစ်သင်္ဘော များကို ခြိမ်းခြောက်နေသည့် ဟူရ်သီတို့၏ ဒရုန်း ၁၀ စင်းနှင့် မြေအောက်ထိန်းချုပ်ရေးစခန်းအား တိုက်ခိုက်ခဲ့ ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ခဲ့သည်။

ကုန်တင်သင်္ဘောများနှင့် အမေရိကန် ရေတပ်သင်္ဘောများအတွက် ဘေးကင်းလုံခြုံစေရန်၊ နိုင်ငံတကာ ရေပိုင်နက် တွင် ဘေးကင်းမှုရှိစေရန်နှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တို့ကို ကာကွယ်ရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဟူရ်သီအဖွဲ့ကမူ ယီမင်နိုင်ငံကို ရန်လိုနေသည့် အမေရိကန်နှင့် ဗြိတိန်စစ်သင်္ဘောများ အားလုံးသည် ပစ်မှတ်များ ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်က ပြောကြားခဲ့သဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နိုင်ခြေရှိ သည့် အလားအလာနှင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာနိုင်သော အလားအလာတို့အပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

အမေရိကန်စစ်သင်္ဘောကို တွေ့ရစဉ်

အစောပိုင်းကလည်း အမေရိကန်ဖျက်သင်္ဘော USS Carney သည် ဟူရ်သီတို့ ပစ်ခတ်ခဲ့သည့်  သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်စင်း၊ အီရန်လုပ် ဒရုန်း ၃ စင်းကို ပစ်ချခဲ့ကြောင်း CENTCOM က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ထိုဒရုန်းများသည် တိုက်ခိုက်ရေးဒရုန်းများ သို့မဟုတ် ကင်းထောက်ဒရုန်းများ ဖြစ်သည်ဆိုခြင်းကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော Gravely က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဟူရ်သီအဖွဲ့၏ ရေတပ်သည် အေဒင်ပင်လယ်ကွေ့ (Gulf of Aden) ရှိ အမေရိကန်ကုန်တင်သင်္ဘော တစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်က ပြောကြားခဲ့သည်။ 

ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမေရိကန်နှင့်အီရန်သည် တိုက်ရိုက် ထိပ်တိုက်တွေ့မည့် အရေးကို ရှောင်ကြဉ် နေသော်လည်း အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသတွင်  ဟူရ်သီအဖွဲ့အပြင် အခြား အီရန်နှင့် ဆက်နွှယ် သည့် လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်လျက်ရှိသည်။

ဇန်နဝါရီ ၃၁ ရက်ကလည်း အမေရိကန်လေယာဉ်များကို ခြိမ်းခြောက်နိုင်သည့် ဟူရ်သီတို့၏ မြေပြင်မှဝေဟင်ပစ် ဒုံးကျည် တစ်စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း CENTCOM က ထုတ်ပြန်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား