CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ ယနေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ပိုင်းက တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၅ နာရီခန့်က စတင်ကာ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့ နယ်တို့ရှိ ရဲစခန်း၊ နယ်ခြားစောင့်စခန်းများကို AA ဘက်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းက လမ်းများကို ပိတ်လိုက်ကြောင်း၊ လမ်းပိတ်ခြင်းကြောင့် ဒေသခံများမှာ အခက်တွေ့လာနိုင်ကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အကုန်လုံး ပိတ်ထားပြီးပြီ၊ စစ်တွေအထွက် ကျောက်တန်းဂိတ်ရော၊ နောက်ပြီးတော့ တခြားနေရာတွေ လည်း ပိတ်ထားတယ်လို့ ကြားတယ်၊ အမ်းတို့၊ ဂွတို့ အဲဒီဖက်တွေ။ ကျနော်တို့က ခရီးလမ်းကြောင်းက နှစ်ခုပဲ ရှိတယ်လေ၊ ရေလမ်းနဲ့ ကုန်းလမ်းကားလမ်း၊ ကားလမ်းကလည်း ဒီတစ်လမ်းပဲ ရှိတယ်၊ ရေလမ်းဆိုတာက မပုတ်မသိုး ကုန်တွေမှ တင်လို့ရတာလေ၊ လောလောဆယ် ကုန်စိမ်းတို့ ပုံမှန်ကတော့ အများစုကတော့ ဒီစားကုန် သောက်ကုန်တွေဆိုတာက ကုန်လမ်းကပဲ တင်ကြတာလေ၊ အဲဒီလမ်း ပိတ်လိုက်ရင် ဒေသခံတွေ ဒုက္ခရောက်တာ ပဲပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

AA သည် ညီနောင်မဟာမိတ်နှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေ သလို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။

နွေဦးတော်လှန်ရေး အရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ ရခိုင်ပြည်နယ်အတွင်း AA ၏ စစ်ရေးလှုပ်ရှားမှု များပြားလာမည်ဟု မျှော်လင့်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စစ်ကောင်စီနဲ့ AA ကြားထဲမှာ ရှိတဲ့ နားလည်မှု အချက်တွေလည်း အဲဒါဟာ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ မကြာခင် ပြိုကွဲသွားလိမ့်မယ်၊ ရခိုင်ပြည်နယ်ဟာလည်း သူ့ပြည်နယ်ရဲ့ လွတ်လပ်ခွင့်နဲ့ သူ့ရဲ့ အချုပ်အခြာအာဏာပိုင်မှု ရရှိရေးအတွက် တိုက်ပွဲတွေ နွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးပွားမှု နဲ့အတူ ပေါင်းစပ် ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်နေပါတယ်၊ ဒါဟာ အစပဲ ရှိပါသေးတယ်၊ အဲဒီ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်တစ်ခုလုံး AA အဖွဲ့အစည်းရဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေ မကြာခင် မျက်ဝါးထင်ထင် မြင်လာရလိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်” ဟု ပြောသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းစေလိုကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စားဝတ် နေရေးအတွက် အခက်အခဲရှိကြောင်း စစ်တွေဒေသခံက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးကိုတွေ့ရစဉ်

၎င်းက “စစ်ဖြစ်ပြီဆိုတော့ လူတိုင်း ဒုက္ခရောက်ကြတာပါပဲ။ အဓိက ပြည်သူတော့ ပိုပြီး ဒုက္ခရောက်တာပေါ့၊ ကျနော်တို့ကတော့ ထူးခြားတာကတော့ တခြားဒေသတွေမှာဖြစ်ရင် စစ်ဖြစ်တဲ့ ပတ်ဝန်းကျင်လောက်ကပဲ ဒုက္ခရောက်ပေမဲ့ ကျနော်တို့ ဒေသမှာ ဖြစ်ရင်တော့ လူထုကို အနည်းနဲ့ အများတော့ ရိုက်ခတ်တာပဲ။ ဘာလို့ဆို စားရေးသောက်ရေး လမ်းကြောင်းက ပိတ်ဆို့နေလို့လေ၊ ဒါပေမဲ့ တစ်နိုင်ငံလုံးက ကျိန်စာသင့်သလို ဖြစ်နေတဲ့ အချိန်ကြတော့ ကျနော်တို့က ဘယ်လို့ကို ဘယ်သူအပြစ်တင်ဖို့လည်း ခက်တယ်၊ ကျနော်တို့က စိတ်မကောင်းဘူး ပြောရုံမှတစ်ပါး ဘာပြောအားရှိမှာလဲ။ စစ်ဖြစ်တာတော့ ကောင်းတာတော့ မဟုတ်ဘူး။ ကျနော်တို့ကတော့ အဓိကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းစေချင်တာပေါ့၊ ဒါပေမဲ့ ဖြေရှင်းလို့ မရလို့ဘဲ လက်နက်ကိုင်တဲ့ နည်းနဲ့ ဖြေရှင်းနေကြတာပေါ့၊ သာမန်ပြည်သူတစ်ယောက်က စိတ်မကောင်းပါဘူး။ ဒီအတွက် ကိုယ်နဲ့ ကိုယ့် ပတ်ဝန်းကျင် အနာဂတ်ကို တွေးပြီးတော့ ပူပင်ရုံမှ တစ်ပါး ကျနော်တို့အတွက်ကတော့ ပြောအားဆိုအား မရှိပါဘူး ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ကြား ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက်ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။

လက်ရှိတွင် ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့ရှိ ရဲစခန်း၊ နယ်ခြားစောင့် စခန်းများကို AA ဘက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်။