CNI International News

ဒါကာ၊ စက်တင်ဘာ ၁၂

ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) သည် ၎င်းနိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ပိုမိုခိုင်မာစေ ရန်နှင့် တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်နေသည့် ဒေသတွင်း နယ်ချဲ့ဝါဒသစ်အား တန်ပြန်ထိန်းညှိရန် အားထုတ် ကြိုးပမ်းသည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြ ခဲ့သည်။

"တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ စံနှုန်းတွေအပေါ် အခြေခံပြီး နယ်ချဲ့ဝါဒသစ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို အနိုင်ကျင့်တာ ဒါမှမဟုတ် တည်ငြိမ်မှုမရှိစေတဲ့ အခြေအနေ တစ်ရပ်ဆီကို ဆွဲခေါ်ခံသွားတာမျိုး မဖြစ်စေဘဲ နည်းလမ်းတစ်ခုခုကို အကြံပြုချင်ပါတယ်"ဟု မက်ခရွန်က ပြော သည်။

ထိုစကားကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ (Sheikh Hasina)နှင့် စက်တင်ဘာ ၁၁ ရက်က တွေ့ဆုံချိန် တွင် ပြောကြားခဲ့သည်။

 

ပြင်သစ်သမ္မတ မက်ခရွန်ကို တွေ့ရစဉ်

ဒေသတွင်း သြဇာလွှမ်းမိုးမှုအတွက် အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဆိုင်နေချိန်တွင် ပြင်သစ်က မတူကွဲပြား သော နည်းလမ်းတစ်ခုဖြင့် ဖြေရှင်းရန် မက်ခရွန်က တွန်းအားပေး လုပ်ဆောင်နေသည်။ 

မက်ခရွန်သည် အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) အစည်းအဝေးအပြီး စက်တင်ဘာ ၁၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်သို့ ရောက်ရှိခဲ့သည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့စင်မြင့်ထက်တွင် ၎င်း၏ အခန်းကဏ္ဍကို ပြန်လည်ပုံဖော်ရာ၌  တိုးတက်မှု ရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

လူဦးရေ သန်း ၁၇၀ ကျော်ရှိပြီး ကမ္ဘာ့လူဦးရေ ထူထပ်သိပ်သည်းမှု အများဆုံး နိုင်ငံစာရင်းတွင် နံပါတ် ၈ နေရာ၌ ရှိနေသည့်် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးနှင့်ပတ်သက်ပြီး အံ့မခန်း အောင် မြင်မှု ဖြစ်သည်ဟု မက်ခရွန်က ချီးကျူးဂုဏ်ပြုခဲ့သည်။

မက်ခရွန်သည် ဟာစီနာနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဟာစီနာ၏ ဖခင်ဖြစ်သူ ရှိတ်မူဂျီဘာရာမန် (Sheike Mujibur Rahman)၏ ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် နေရာသို့ သွားရောက်ခဲ့ကာ ပြင်သစ်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို တွေ့ရစဉ်

ရှိတ်မူဂျီဘာရာမန်သည် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး သမ္မတဖြစ်သည်။

မက်ခရွန်၏ မဟာဗျူဟာသည် မိမိတို့၏ နိုင်ငံခြားရေး မူဝါဒနှင့် ကိုက်ညီမှုရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံ ရေးလောကတွင် ပြင်သစ်သည် ကောင်းမွန်သည့် ဖြေရှင်းချက်တစ်ခု ရှာဖွေတွေ့ရှိစေလိုကြောင်း ဟာစီနာက မက်ခရွန်ကို တည်ခင်းဧည့်ခံသည့် ညစာစားပွဲ၌ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီလ၌ ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအတွင်း ဖြစ်ပွားနေ သည့် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများက စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်၏ အာဏာရပါတီသည် လွှတ်တော်ကို လွှမ်းမိုးထိန်းချုပ်ထားပြီး အာဏာကို ဆက်လက် တည်မြဲ စေရန် လုပ်ဆောင်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြာခဲ့သည်။

Source: အယ်လ်ဂျာဇီးယား