CNI International News

ဟနွိုင်း၊ စက်တင်ဘာ ၁၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Bider)က ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးများ မြှင့်တင်ခြင်း သည် တရုတ်ကို ထိန်းချုပ်ရန် မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးအား အထောက်အပံ့ ဖြစ်စေမည့် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်က အာရှနှင့် ဆက်ဆံရေးများကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်နေပြီး ဘိုင်ဒန်က ဗီယက်နမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

"ဒါက တရုတ်ကို ထိန်းချုပ်ဖို့ မဟုတ်ပါဘူး။ တည်ငြိမ်မှု ရှိစေရေးအတွက် ဖြစ်ပါတယ်" ဟု ဘိုင်ဒန်က အိန္ဒိယနိုင်ငံ တွင် ပြုလုပ်သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) ထိပ်သီးညီလာခံကို တက်ရောက်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူထရောင်ကို တွေ့ရစဉ်

ဗီယက်နမ်သည် အမေရိကန်နှင့် သံတမန် ဆက်ဆံရေးကို တိုးမြှင့်နေပြီး ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာ မြောက် မိတ်ဖက်နိုင်ငံဖြစ်စေရန် အားထုတ်ကြိုးပမ်းနေသည်။

လက်ရှိ အခြေအနေများသည် ဗီယက်နမ်စစ်ပွဲ၏ ခါးသီးသည့် အတိတ်မှ ယခုကဲ့သို့ ဆက်ဆံရေးများ တိုးတက် ကောင်းမွန်လာသော အချက်ကို ပြသရာ ရောက်သည်ဟု ဘိုင်ဒန်က ပြောသည်။

ဗီယက်နမ်နှင့် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်မှုသည် တရုတ်၏ သြဇာလွှမ်းမိုးမှုအား တန်ပြန်ရန် အာရှတွင် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများကို ထင်ဟပ်စေခဲ့သည်။

"စစ်အေးကာလ သဘောတရားတွေအရ ပြောရမယ်ဆိုရင် ကျနော်တို့ အရမ်းအတွေးလွန် နေတယ်လို့ ထင်ပါ တယ်။ ဒါက ကမ္ဘာ့အနှံ့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်စေဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်ပဲ ကျနော်တို့ ကြိုးစားလုပ်ဆောင်နေတာပါ။ ဒီခရီးစဉ်က ကမ္ဘာတစ်ဝန်း တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ မဟာမိတ်တွေနဲ့ ဆက်ဆံ ရေးကို မြှင့်တင်တဲ့ ခရီးစဉ်ဖြစ်ပါတယ်"ဟု ဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်-ဗီယက်နမ် ချစ်ကြည်ရေး ထောက်ခံနေကြသော ကလေးငယ်များကိုတွေ့ရစဉ်

ဘိုင်ဒန်က သူသည် ဝါရှင်တန်မှ နယူးဒေလီ၊ ထိုမှတစ်ဆင့် ဟနွိုင်းသို့ ငါးရက်ကြာ ခရီးသွားမှုသည် မဟာမိတ်များ နှင့် ဆက်ဆံရေး တိုးမြှင့်နေသည့် အမေရိကန်အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများကို ပြသခြင်း ဖြစ်သည်ဟု ဆို သည်။ 

ထို့ပြင် သူသည် အိန္ဒိယတွင် ရှိနေခဲ့ချိန်က တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) နှင့်လည်း တွေ့ဆုံခဲ့သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ 

၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားတွင် ပြုလုပ်ခဲ့သည့် G-20 အစည်းအဝေး၌ ဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ သီးသန့်တွေ့ဆုံမှုအပြီး၌ အမေရိကန်နှင့် တရုတ်အကြား ရာထူးအကြီး ဆုံး အရာရှိများ တွေ့ဆုံမှု ဖြစ်ခဲ့သည်။

ဘိုင်ဒန်သည် ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူထရောင် (Nguyen Phu Trong) အပါအဝင် ဗီယက်နမ်အစိုးရ၏ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

Source: အေပီ