CNI International News

နန်တာရီ၊ ဇူလိုင် ၁

ဆယ်ကျော်သက် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ခြင်းကြောင့် ပေါ်ပေါက်လာသော ဆူပူအကြမ်းဖက် မှုများကို နှိမ်နင်းမည်ဖြစ်၍ လူငယ်များအား လမ်းပေါ်မထွက်စေရန် မိဘများက တားဆီးပေးရန် ပြင်သစ်သမ္မတ မက်ခရွန်(Emmanuel Macron)က တောင်းဆိုခဲ့သည်။ 

မတည်ငြိမ်မှုများအတွက် လူမှုကွန်ယက်ကို သမ္မတ မက်ခရွန်က အပြစ်တင်ခဲ့သလို ဖိအားများလည်း ပိုတိုးလာ စေခဲ့သည်။ 

ဆယ်ကျော်သက်တစ်ဦးကို ရဲတပ်ဖွဲ့၏ ဆိုးဆိုးရွားရွား ပစ်ခတ်မှုကြောင့် ပေါ်ပေါက်လာခဲ့သော ပြင်သစ်နိုင်ငံတွင်း မှ အကြမ်းဖက်မှုများ၏ စတုတ္တနေ့ဖြစ်သည့် ဇွန်လ ၃၀ ရက်နေ့တွင် လူငယ်များနှင့် ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွား ကာ စတိုးဆိုင်များကို ဖောက်ယူမှုတွေ ရှိခဲ့သည်ဟု AP မှ ဖော်ပြခဲ့သည်။ 

နိုင်ငံအရှေ့ပိုင်း စထရက်ဘော့ဂျ် (Strasbourg) မြို့တွင် Apple စတိုးဆိုင်တစ်ခု အဖောက်ခံခဲ့ရကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ သုံးခဲ့ရသည်။

ပဲရစ်ရှိ အသင့်စား စားသောက်ဆိုင်တစ်ခု၏ ပြတင်းပေါက်များ ခွဲခံခဲ့ရကာ စတိုးဆိုင်တစ်ခုကို ဖောက်ရန် ကြိုးပမ်း နေသူများကိုလည်း ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရသည်ဟု အာဏာပိုင်များက ပြောသည်။ 

မာဆေးလ် (Marseille) မြို့တွင်လည်း ဒုတိယမြောက်ညအဖြစ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ 

 ပြင်သစ်သမ္မတ မက်ခရွန်ကိုတွေ့ရစဉ်

ညမရောက်ခင်မှာပင် လူငယ်များသည် တိုက်ခိုက်မှုများ၊ မီးရှို့မှုများ၊ ဖောက်ထွင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသလို လူ ၉၀ နီးပါးကို ဖမ်းဆီးခဲ့သည်။ 

ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် မာဆေးလ်ရှိ သေနတ်စတိုးတစ်ခု ဖောက်ထွင်းခံခဲ့ရကာ သေနတ်များ ပျောက်ဆုံးခဲ့ပြီး အမျိုးသားတစ်ဦးကို အမဲပစ် ရိုင်ဖယ်တစ်လက်နှင့်အတူ ဖမ်းမိခဲ့သည်ဟု ရဲက ပြောသည်။

ထိုမတိုင်ခင် ဇွန်လ ၂၉ ရက်နေ့ ညတွင်လည်း တာဝန်ချိန်ပြင်ပ ရဲနှစ်ဦးကို လူ ၂၀ ခန့်က တိုက်ခိုက်ခဲ့ကြရာ ဓားထိုးခံရခြင်း အပါအဝင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။ 

လိုင်ယွန် (Lyon) တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်း လူပေါင်း ၁၃၀၀ ခန့် ပါဝင်သည့် ခွင့်ပြုချက်မရှိသော အကြမ်းဖက်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြီးဆုံးချိန်တွင် ဆိုင်များကို ဖောက်ထွင်းရန် ကြိုးပမ်းနေသူ ၂၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

အကြမ်းဖက်မှုများသည် ပြင်သစ်မြေပေါ်တွင် သာမက နိုင်ငံရပ်ခြားရှိ ပြင်သစ်ပိုင် နယ်မြေများတွင်လည်း ဖြစ်ပွားခဲ့သည်။ 

ပြင်သစ်မှာ အကြမ်းဖက်မှုတွေဖြစ်ပွားနေစဉ်

ဂူနီယာတွင် ဘယ်ကမှန်းမသိသော ကျည်ဆန်ကြောင့် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရကာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Reunion ကျွန်းတွင်လည်း ဆန္ဒပြသူများက မီးရှို့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း တို့ လုပ်ဆောင်ခဲ့ကာ ကားများ အဆောက်အဦများ ပျက်စီးခဲ့ရသည်။ 

လူရာချီ ဖမ်းဆီးခြင်း၊ ရဲအင်အား ထောင်ချီ ချထားခြင်းတို့ လုပ်ဆောင်ခဲ့သည့်တိုင် အကြမ်းဖက်မှုများကို ထိန်းသိမ်း နိုင်ခြင်း မရှိသေးသော်လည်း မက်ခရွန်သည် အရေးပေါ် အခြေအနေ ကြေညာခြင်း မရှိသေးပေ။ 

ထိုအစား ၎င်း(မက်ခရွန်)သည် ရဲနှင့်လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကိုသာ တိုးမြှင့်ချထားသည်။

ဇွန်လ ၂၉ ရက်နေ့ တစ်နေ့ထဲတွင်ပင် ဖမ်းဆီးမှုပေါင်း ၉၁၇ ခု လုပ်ဆောင်ခဲ့ကြောင်း၊ ပျမ်းမျှအသက် ၁၇ နှစ်အရွယ် လူငယ်များ ဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျီရယ် ဒါမာနင် (Gerald Darmanin) က ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်နှင့် မီးသတ် တပ်ဖွဲ့ဝင် ၃၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။ 

Source: AP