CNI International News

ပဲရစ်၊ ဧပြီ ၂၅

နာမည်ကျော် ဟင်းလျာများဖြင့် ထင်ရှားသော ပြင်သစ်နိုင်ငံတွင် ပြည်သူများသည် မီးခိုးချောင်သုံး အိုးခွက်များကို အသုံးပြုကာ အစိုးရ၏ ပင်စင်ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်လျက် ရှိသည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။

ပင်စင်ယူရမည့် အသက်အရွယ်ကို အသက် ၆၂ နှစ်မှ ၆၄ နှစ်အထိ မြှင့်တင်လိုက်ခြင်းအပေါ် ပြင်သစ်နိုင်ငံသားများ က ကန့်ကွက်လျက်ရှိသည်။

ထိုသို့ ကန့်ကွက်ရာတွင် ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်း၊ မျက်ရည်ယို ဗုံးများသုံးခြင်း၊ စာတန်းများ ဝှေ့ယမ်း ခြင်းမှသည် အိုးခွက်များကို တီးခတ်ထုရိုက်ကာ ဆူညံသံပြုလုပ် ဆန္ဒပြခြင်းသို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

အိုးခွက်များကို ထုရိုက်ခြင်းဖြင့် ဆန္ဒပြမှုကို သမ္မတ မက်ခရွန် (Macron) ၏ ပြီးခဲ့သည့် သီတင်းပတ် ရုပ်သံမိန့်ခွန်း တွင် စတင်လုပ်ဆောင်ခဲ့သည်။

ပြင်သစ် သမ္မတ မက်ခရွန်ကိုတွေ့ရစဉ်

ပဲရစ်၊ မာဆေးလ်၊ တူးလော့စ်၊ စတာဘော့ဂျ် အပါအဝင် ပြင်သစ်နိုင်ငံရှိ မြို့ကြီးများမှ နေရာ ၄၀၀ ကျော်တွင် အိုးခွက်ပန်းကန်များကို တီးခေါက်ခြင်းဖြင့် ဆူညံသံပြုလုပ်ကာ မက်ခရွန်၏ အသံကို ဖုံးလွှမ်းသွားရန် ကြိုးပမ်း ခဲ့ကြသည်။

အရင်းရှင်ဝါဒ ဆန့်ကျင်ရေးအဖွဲ့ (ATTAC) ၏ တောင်းဆိုချက်ကြောင့် တနင်္လာနေ့ ညနေပိုင်းတွင်လည်း ပြင်သစ် နိုင်ငံတစ်လွှား ထိုသို့ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သေးသည်။

မြောက်ဘက် လိုင်လီမှ အရှေ့တောင်ဘက် လိုင်ယွန် သို့မဟုတ် အနောက်ဘက် ဘာယွန်းမြို့တို့အထိ အစိုးရ အပေါ် မကျေနပ်သော ပြည်သူများသည် မီးဖိုချောင်သုံး ပစ္စည်းများဖြင့် ၎င်းတို့၏ ကန့်ကွက်မှုကို ထုတ်ဖော် ခဲ့ကြသည်။

ထိုကန့်ကွက်မှု မတိုင်ခင် အစောပိုင်း နေ့များတွင်လည်း အစိုးရအဖွဲ့ ဝန်ကြီးများအား ကန့်ကွက်ဆန္ဒပြရန် အိုးများ နှင့်ခွက်များကို အသုံးပြုခဲ့ကြသေးသည်။

ထိုသို့ ဆန္ဒပြနေမှုနှင့် ပတ်သက်၍ ပြင်သစ်သမ္မတက ပြင်သစ်နိုင်ငံကို ရှေ့သို့ ခေါ်ဆောင်သွားမည်မှာ မီးဖိုချောင် သုံး ပစ္စည်းများမဟုတ်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ပြင်သစ်ပြည်သူများ ဆန္ဒပြနေကြစဉ်

ထိုပြောဆိုမှုကိုလည်း ပြည်သူများဘက်က ပြန်လည် တုံ့ပြန်ခဲ့ကာ ပြင်သစ် မီးဖိုချောင်သုံး ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သော Cristel က ပြင်သစ်နိုင်ငံကြီး ရှေ့သို့ ရောက်ရှိစေရန် စတိန်းလက်စ်စတီး ဒယ်အိုးများကို ထုတ်လုပ်နေသည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။

ယခုကဲ့သို့သော ဆူညံသံဖြင့် ဆန္ဒပြမှုသည် ထူးဆန်းသည်ဟု ယူဆရသော်လည်း ပြင်သစ်တွင် လွန်ခဲ့သော နှစ် ရာချီ ကတည်းက ထိုသို့သော နည်းလမ်းဖြင့် ကန့်ကွက်ဆန္ဒပြသည့် အလေ့အထ ရှိခဲ့ဖူးသည်။

ပြင်သစ်ပြည်သူများသည် ထူးခြားသော နည်းလမ်းများဖြင့် ပင်စင်ကိစ္စ ပြုပြင်ပြောင်းလဲမှုများကို ကန့်ကွက် ဆန္ဒပြ မှုများဖြင့် အာရုံစိုက်မှုကို ရရှိထားခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ် စွမ်းအင်လုပ်သားများ၏ သပိတ်မှောက်မှုတွင် မသုံးတော့သော ဂတ်စ်အိုးများနှင့် လျှပ်စစ် မီတာများကို မာဆေးလ်မြို့ အုပ်ချုပ်ရေးရုံး အပြင်ဘက်သို့ စုပုံထားခဲ့ပြီး ပဲရစ်မြို့ရှိ အနုပညာရှင် တစ်ဦးကလည်း မသိမ်းရသေးသော အမှိုက်များဖြင့် ရုပ်ထုပြုလုပ် ဆန္ဒပြခဲ့သည်။

Source: AP