CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂

ဗိုလ်နဂါးဦးဆောင်၍ ဗမာတပ်ကို ဖွဲ့စည်းခဲ့ပြီးနောက် NUG က ဗိုလ်နဂါးနှင့် ဆွေးနွေးခဲ့ရာတွင် တစ်စုံတစ်ရာ သဘောတူညီချက် မရှိခဲ့ကြောင်း ထုတ်ပြန်လာခြင်းကြောင့် ဗိုလ်နဂါးဦးဆောင်သည့် ဗမာတပ်ကို NUG က အသိအမှတ် ပြုသလား/မပြုဘူးလား အငြင်းပွားကာ သုံးသပ်ဆွေးနွေးနေကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့နှင့် မြန်မာ့ တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးတို့ တွေ့ဆုံခဲ့မှုကို NUG က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ဆုံမှု၏ ရည်ရွယ်ချက်မှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ် ဒေသအလိုက် တည်ဆောက်ထားသည့် Chain of Command (COC)မှာ ပါဝင်ဆောင်ရွက်ကြရန်၊ အမျိုးသား ညီညွတ်ရေး အစိုးရက မြေပြင်မှာ တည်ဆောက်လျက်ရှိသည့် အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ယန္တရားများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန်ကာလမှာ အကောင်အထည်ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်များတွင် လက်ခံပါဝင်ဆောင်ရွက်ရန်  စသည့် ကိစ္စရပ်များကို အလေးထား ပြောခဲ့ခြင်းဖြစ်ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။

NUG က “နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် အနေဖြင့် အထက်ပါ ဆွေးနွေးချက်များမှလွဲ၍ အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစ်စုံတစ်ရာ လုံးဝ မရှိခဲ့ပါ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က ဗိုလ်နဂါး ဦးဆောင်ပြီး NUG လက်အောက်သို့ မဝင်ရောက်နိုင်သေးသည့် တော်လှန်ရေး အင်အာစုများကို စုစည်းကာ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။

BNRA တပ်ဖွဲ့ကိုတွေ့ရစဉ်

အဆိုပါ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် တည်ထောင်မှုကို NUG အနေဖြင့် အသိအမှတ် မပြုဘူးလား ဆိုကာ နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

ဗိုလ်နဂါးအနေဖြင့် NUG ၏ ခေါင်းဆောင်မှုကို အသိအမှတ်ပြုပြီး ပါဝင်မည်ဆိုပါက အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနည်းတူ ဗမာလက်နက်ကိုင်တပ်ဖွဲ့ကို ကြိုဆိုကြကြောင်း၊ ထို့အတူ အဖွဲ့အစည်း နှစ်ရပ်အနေဖြင့် တစ်ပေါင်းတစ်စည်းတည်း မဖြစ်သေးသော ကာလတွင် ကွဲပြားခြားနားမှုများ ရှိနေမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။

၎င်းက “ကျနော်တော့ အဲဒီလို သဘောထားတော့ ပေးမှာ မဟုတ်ဘူး။ အဲဒီအဆင့်ထိတော့ အဲဒီသဘောအထိတော့ ရောက်မှာ မဟုတ်ဘူးလို့ ကျနော်တော့ ယူဆပါတယ်။ ပူးပေါင်းဆောင်ရွက်ကြရမှာပါပဲ။ သို့သော် မတူတဲ့နေရာ မတူတဲ့ အခြေအနေနဲ့ မတူတဲ့ လုပ်ငန်းစဉ်အပေါ်မှာ တစ်စုံတစ်ရာ ကွဲပြားခြားနားမှုတွေ ရှိနိုင်တာကိုလည်း ကျနော်တို့ ကာလတစ်ခု အသိအမှတ်ပြုရမှာပါ။ တကယ်တမ်း တစ်စည်းတစ်ရုံးနဲ့ ဖြစ်ရေးဆိုတာက လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်အတွင်းမှာပဲ တည်ဆောက်ယူရမယ်လို့ ကျနော်ကတော့ ယူဆပါတယ် ခင်ဗျ” ဟု ပြောသည်။

ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်ကို တည်ထောင်ခြင်းမှာ တစ်စင်ထောင်ခြင်း မဟုတ်ကြောင်း၊ တပ် တည်ထောင်ခြင်း ကိစ္စကို NUG မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း ဗိုလ်နဂါးက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့တွင် ပြောထားသည်။

PDF တပ်ဖွဲ့ကို တွေ့ရစဉ်

တစ်ဖက်ရန်သူက မိမိတို့ တော်လှန်ရေး အင်အားစုများအကြား ပုံစံအမျိုးမျိုးဖြင့် ဖြိုခွဲရန် ကြိုးစားမှာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း စုစုစည်းစည်းရှိရန် လိုအပ်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တော်လှန်ရေး ရေရှည်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ဖြစ်နေကျ ပုံစံမျိုး မဖြစ်တဲ့အတွက်ကြောင့်မို့ အထူးသဖြင့် ခေါင်းဆောင်နဲ့ အောက်ခြေနဲ့ ပတ်သက်တဲ့ လက်နက်ကိုင်တော်လှန်နေတဲ့ အပေါ်မှာ သေသေချာချာ စနစ်တကျ စုစည်းဖို့အတွက်က ကြိုးစားမှု လိုအပ်တယ်၊ အထူးသဖြင့် သူတို့ရဲ့ အခြေအနေကို ကျနော်တို့ သေသေချာချာ သိရှိ ဖို့အတွက် အရင်ဆုံး လေ့လာဖို့ လိုအပ်တယ်၊ နောက်တစ်ချက်က စကစဖက်ကလည်း နည်းအမျိုးမျိုးနဲ့ တော်လှန် ရေး အင်အားစုတွေကြားထဲကို ပုံစံအမျိုးမျိုးနဲ့ ဖြိုခွဲဖို့အတွက် ကြိုးစားမှာပဲ” ဟု ပြောသည်။

ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်း ဒေသကြီးတို့မှာ အခြေပြု လှုပ်ရှားသွား မည်ဖြစ်ကြောင်း၊ တပ်အင်အားအနေဖြင့် တပ်ရင်း ၁၈ ရင်းဖြစ် ပြင်ဆင်ထားကြောင်း သိရသည်။