CNI International News

ဘန်ကောက်၊ မတ်လ ၆

လာမည့် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါက တရားမဝင် မူးယစ်ဆေးဝါး အားလုံး ဖယ်ရှားခြင်း ဖြင့် ဘူရီရမ် (Buri Ram) ပြည်နယ်အား ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ပေးသွားမည်ဟု ဖြူးထိုင်းပါတီမှ တနင်္ဂနွေ နေ့တွင် ပြောကြားခဲ့သည်။

အရှေ့မြောက်ပိုင်း ပြည်နယ်တွင် ပြုလုပ်ခဲ့သော အရေးပါသည့် လူထု အစည်းအဝေးတစ်ခု၌ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ပရာခွန်ချိုင်း (Prakhon Chai) ခရိုင်တွင် ကျင်းပခဲ့သော လူထုစုဝေးပွဲသို့ ထောက်ခံသူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။

ပါတီခေါင်းဆောင် ဒေါက်တာ ချိုနန်ဆရီကော (Cholnan Srikaew) က လာရောက်သူတိုင်းကို ကျေးဇူးတင် စကား ပြောခဲ့ပြီး ပြည်နယ်၏ မဲဆန္ဒနယ် ၁၀ ခုစလုံးတွင် ဖြူးထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးရန် မဲဆွယ်ခဲ့သည်။

၂၀၁၉ ရွေးကောက်ပွဲတွင် Bhumjaithai ပါတီက ပြည်နယ်၏ မဲဆန္ဒနယ် ၈ ခုစလုံးတွင် အနိုင်ရခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၂ ခု တိုးလာသည်။

ဘူရီရမ်ပြည်နယ်ကို တခြားမည်သည့် ပါတီမှ ကြီးစိုးထား၍ ရနိုင်မည်မဟုတ်ဟု ဒေါက်တာ ချိုနန်က ပြောသည်။

အမတ်နေရာ ၂၅၀ ကျော်ဖြင့် သောင်ပြိုကမ်းပြို အနိုင်မရခဲ့လျှင် ပြည်နယ်ကို ပြောင်းလဲ၍ ရမည် မဟုတ်ကြောင်း နှင့် ဝန်ကြီးချုပ် ပရာယွတ်ကို ရာထူးမှ ထွက်စေလိုကြောင်း ချိုနန်က ပြောသည်။

  ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ကိုတွေ့ရစဉ် (GETTY IMAGES)

ပါတီမိသားစု ခေါင်းဆောင် ပေတုန်တန် အန်အင်း ရှင်နာဝပ် (Paetongtarn “Ung Ing” Shinawatra) ကလည်း တက်ရောက်သူများကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး သူမတွင် ကိုယ်ဝန်ရှိနေကြောင်း၊ မွေးလာမည့် ကလေး မူးယစ်ဆေး လွယ်လွယ်ကူကူရသော နေရာတွင် ကြီးပြင်းလာရမည်ကို မမြင်လိုကြောင်းနှင့် ဆေးခြောက်သည် အခြေအနေများကို ပိုဆိုးရွားစေကြောင်း ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ် ဆေးခြောက် တရားဝင် ဖြစ်ရေးကို ဦးဆောင်ကျင်းပခဲ့သည့် Bhumjaithai ပါတီအား တိုက်ရိုက် ထုတ်ဖော် ပြောဆိုခြင်းတော့ မရှိခဲ့ပေ။

ဆေးခြောက် အလွယ်တကူ ရရှိနေခြင်းကို မမြင်တွေ့လိုဟု သူမကပြောခဲ့၍ ဖြူးထိုင်းပါတီ၏ မူဝါဒများက မူးယစ် ဆေး ပြဿနာများအား ဖြေရှင်းပေးမည်ဟု သူမက ပြောသည်။

ပါတီမိသားစု ဒါရိုက်တာဖြစ်သူ နာတာဝပ် ဆိုင်ကူရာ (Nattawut Saikuar) ကလည်း ဖြူးထိုင်းပါတီ အနေဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရန် လိုအပ်ကြောင်း၊ လက်ရှိ ညွန့်ပေါင်းပါတီမှ ကိုယ်စားလှယ်များ အနိုင်ရခဲ့မည်ဆိုလျှင် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည် ဖြစ်ကြောင်း ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီကသာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့မည်ဆိုလျှင် ၎င်းတို့သည် ဝန်ကြီးချုပ် ရာထူးအတွက် ပါတီမှ အမတ်လောင်းကို တင်သွင်းနိုင်မည် ဖြစ်သည်။

ဖြူးထိုင်းပါတီသည် ဘူရီရမ်ပြည်နယ် မဲဆန္ဒနယ် ၁၀ ခုလုံးသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တနင်္ဂနွေနေ့ လူထုစုဝေးပွဲသို့ တခြားသော ပါတီအရာရှိများလည်း တက်ရောက်ခဲ့သည်။ ဘူရီရမ်ပြည်နယ်သည် Bhumjaithai ပါတီ အားကောင်းရာ ပြည်နယ်တစ်ခု ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်