CNI International News

တိုကျို၊ မေလ ၂၇

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားအပေါ် ထပ်တိုးအရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန် ဂျပန်အစိုးရက သောကြာနေ့တွင် အတည်ပြုပေးခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

ယင်းတို့တွင် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ရုရှားစစ်တပ်နှင့်ဆက်စပ်နေသော အဖွဲ့အစည်းများထံပစ္စည်းများ တင်ပို့ခြင်းကို တားမြစ်ခြင်းတို့ ပါဝင်သည်။

အစိုးရအဖွဲ့၏ အတည်ပြုပေးမှုက ဂျပန်သည် တခြားသော G7 နိုင်ငံများနှင့် လမ်းကြောင်းတစ်ခုတည်းတွင် ရှိနေသည်ကို ဖော်ပြနေကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ဟီရိုကာဇူ မတ်ဆူနို (Hirokazu Matsuno) က သတင်းထောက်များကို ပြောခဲ့သည်။

G7 နိုင်ငံများသည် ပြီးခဲ့သည့် သီတင်းပတ် ဟီရိုရှီးမား (Hiroshima) ညီလာခံတွင် ရုရှားအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ထိန်းထားရန်၊ ထပ်တိုးဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။

ဂျပန်သည် ယူကရိန်း၏အခြေအနေများအား ပိုမိုကောင်းမွန်လာစေရေးအတွက် တခြားသော G7 အဖွဲ့ဝင်နိုင်ငံ များအပြင် ကျယ်ပြန့်သော နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြော သည်။ ရုရှား၏ ဘယ်လာရုစ်မြေပေါ်တွင် နျူကလီးယားလက်နက်များ တပ်ဆင်မည့်ကိစ္စနှင့် ပတ်သက်၍လည်း မတ်ဆူနိုက ပြင်းပြင်းထန်ထန်ဝေဖန်ကာ အဆိုပါ သဘောတူညီချက်က တင်းမာမှုများကို မြင့်တက်လာစေသည် ဟု ပြောသည်။

ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ဟီရိုကာဇူ မတ်ဆူနို(ဓါတ်ပုံ-အေပီ)

နျူကလီးယားတိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရသည့်တစ်ခုတည်းသော ကမ္ဘာ့နိုင်ငံအနေဖြင့် ဂျပန်သည် ရုရှား၏ နျူကလီးယားလက်နက်ခြိမ်းခြောက်မှုများကို ခံစားမိကာ လက်နက်များကို လုံးဝအသုံးပြုခွင့်မပေးသင့်ဟု မတ်ဆူနိုက ပြောသည်။ တင်းမာမှုများကို ထပ်မံမြင့်တက်လာစေသည့်လုပ်ရပ်များကို အပြီးသတ်ရပ်တန့်ရန် ဂျပန်အစိုးရက ရုရှားနှင့် ဘယ်လာရုစ်တို့အား တောင်းဆိုသည်ဟုလည်း ၎င်းက ပြောသည်။

ဂျပန်၏ထပ်တိုးအရေးယူပိတ်ဆို့မှုများသည် တတိယနိုင်ငံများကို အသုံးပြုကာ အဆိုပါ ပိတ်ဆို့မှုများအား ရှောင်ရှားခြင်းကို တားဆီးလိုသည့် G7 အဖွဲ့၏ ရည်ရွယ်ချက်ကိုလည်း ထင်ဟပ်စေရုံသာမက ရုရှားအား ပိုမို အားကောင်းလာစေရန် အကူအညီပေးသော အရာများကို တင်ပို့ခြင်းအပေါ် ပိတ်ပင်မှုလည်း ပါဝင်သည်ဟု မတ်ဆူနိုက ပြောသည်။

နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဌာနတို့မှ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်အရ ပိုင်ဆိုင်မှု ထိန်းချုပ်သည့်စာရင်းသို့ ထပ်မံပေါင်းထည့်မှုတွင် လူပုဂ္ဂိုလ် ၂၄ ဦးနှင့် အဖွဲ့အစည်း ၇၈ ခုတို့ပါဝင်သည်။

ယင်းတွင် အရေးယူမှုများကို ရှောင်လွှဲနိုင်ရန် ကူညီနေသည်ဟု ယူဆခံထားရသူများလည်း ပါဝင်သည်။ စက်ကိရိ ယာထုတ်လုပ်သူများအပါအဝင် ရုရှားစစ်တပ်နှင့် ဆက်စပ်နေသည့်အဖွဲ့အစည်း ၈၀ ကိုလည်း အစိုးရက ပို့ကုန် တင်ပို့ခွင့် ပိတ်ပင်သည်။

ရုရှားအတွက် ဆောက်လုပ်ရေး၊ အင်ဂျင်နီယာပညာရပ်နှင့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများ ထောက်ပံ့ခြင်း ကိုလည်း ပိတ်ပင်ခဲ့သည်ဟု သိရသည်။

Source:AP