CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၇

နစကသည် အထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးသွားမည်ဟု ကြေညာထားခြင်းကြောင့် မျှော်မှန်းထား သည့် ရွေးကောက်ပွဲ ရလဒ်မရပါက မည်ကဲ့သို့သော အခင်းအကျင်းများ ဖြစ်သွားနိုင်သလဲဟုဆိုကာ နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

ပြည်သူလူထု အများစုက လိုလားသည့် နိုင်ငံရေးပါတီများ မပါသည့် ရွေးကောက်ပွဲမှာ ပြည်သူလူထုနှင့် နိုင်ငံ တကာမှ အသိအမှတ်ပြုမှု အားနည်းလိမ့်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြဿနာက ငါတို့နိုင်အောင် ဘယ်လို လုပ်ရမလဲဆိုတာကနေ စစဉ်းစားနေလို့ ရှိရင်တော့ မပြေလည်နိုင် ဘူးဗျ၊ ဆိုကြပါစို့ NLD က ၂၀၁၅ တုန်းကလို ပြန်ပါမယ်၊ တစ်နိုင်ငံလုံးပေါ့နော်၊ ၂၀၁၂ က စတာပေါ့လေ၊ ကြားဖြတ် ရွေးကောက်ပွဲက စတာပေါ့၊ ၂၀၁၅ မှာကြတော့ အထွေထွေရွေးကောက်ပွဲကြီးမှာ ပါလာတဲ့အခါကြတော့ မနိုင်ဘူး ပေါ့နော်။ ပြည်ခိုင်ဖြိုးက အဲဒီလိုမျိုး အခင်းအကျင်း ပြန်ပေါ်လာမှာစိုးလို့ ဆိုတဲ့ဘက်က စဉ်းစားရင်တော့ ကျနော် တို့ နိုင်ငံက မလွယ်ဘူး။ ဖြေရှင်းဖို့ နည်းလမ်းမရှိဘူးဗျ၊ အဲဒါက ဘာကြောင့်တုန်းဆိုတော့ ပြည်သူလူထု အများစု က လိုလားနေတဲ့ နိုင်ငံရေးအင်အားစုကို ပထားသလို ဖြစ်တာပေါ့နော်၊ ပထားသလို ဖြစ်နေတဲ့ အခါကြတော့ ဒါက ပြည်သူလူထု အများစုကလည်း ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို အသိအမှတ် ပြုမှုကလည်း အားနည်းလိမ့် မယ်၊ နိုင်ငံတကာ အသိအမှတ်ပြုမှုကလည်း အားနည်းမှာပေါ့နော်၊ ဆိုတော့ အခြေအနေတွေက ငြိမ်ငြိမ်သက် သက် အေးအေးချမ်းချမ်း ပြန်ဖြစ်သွားဖို့က အဲဒီလို စဉ်းစားနည်းနဲ့ လုပ်တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး၊ မအောင်မြင် နိုင်ဘူးပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

‌ရွေးကောက်ပွဲ မျှော်မှန်းရလဒ် မရပါက အာဏာပြန်ယူနိုင်သည်ဟု သုံးသပ်မှုများရှိသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ဆက်သွားနိုင်သည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်း‌ရေး ကြိုးပမ်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချ၍ မြန်မာ့တပ်မ‌တော်က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားသည်။

ထို့နောက် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော် အာဏာ ပြန်လည် လွှဲပြောင်းပေးမည်ဟု အာမခံကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။

ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူလူထုက ဆုံးဖြတ်သည့်အတွက် ၎င်းတို့ မျှော်မှန်းသည့် ရလဒ်မရပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲကဲ့သို့ လုပ်၍ မရတော့ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဲထည့်နေစဉ် 

၎င်းက “သူတို့လိုချင်တဲ့ ရလဒ် မရဘူးဆိုရင် ဒီတစ်ခါတော့ အာဏာအပ်ရမှာ ၉၀ တုန်းကလို ထိန်းထားလို့လည်း သူတို့ရမှာ မဟုတ်ဘူးလေ၊ သူတို့လိုချင်တဲ့ အခင်းအကျင်း ဖြစ်အောင်တော့ သူတို့ အသည်းအသန် လုပ်နေကြ တာပဲ၊ လုပ်နေတယ် ဆိုပေမယ့်လည်း ဒါပေမဲ့လည်း နိုင်ငံရေးဆိုတာ ပြည်သူက ဆုံးဖြတ်တာကိုး ဒီရွေးကောက်ပွဲ ဆိုတာမျိုးက ပြည်သူဆုံးဖြတ်လို့ သူတို့ အခင်းအကျင်း မဖြစ်ဘူးဆိုရင်လည်း သူတို့က ၉၀ ခုနှစ်တုန်းကလိုတော့ သူတို့ လုပ်လို့ မရဘူး။ အခုလို ၂၀၂၀ ပုံစံလည်း သူတို့ လုပ်လို့မရဘူး။ သူတို့ လွှဲပေးရမှာပဲ” ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို နစက-က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန် ခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

ထို့နောက် သတ်မှတ် ကာလအတွင်း မှတ်ပုံ ပြန်မတင်သည့် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။