CNI International News

ကိယက်ဗ်၊ မတ်လ ၉

ယူကရိန်းတို့ တပ်စွဲထားရာ ဘက်ခ်မွတ် (Bakhmut) မြို့အရှေ့ပိုင်းအစိတ်အပိုင်းများကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ရုရှား၏ ဝဂ်နာကြေးစားစစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာက ပြောကြောင်း AP သတင်းတွင် ဖော်ပြသည်။

ဘက်ခ်မွတ်မြို့သည် ယူကရိန်းနှင့်ရုရှားနှစ်ဘက်စလုံးအတွက် ရန်သူများကို အင်အားချည့်နဲ့လာစေရေး ဆောင်ရွက်ရန် အချက်အခြာကျသောစစ်မျက်နှာပြင်တစ်ခုဖြစ်လာခဲ့သည်။ ရုရှားတပ်ဖွဲ့များအတွက် ၎င်းတို့ မထိန်းချုပ်နိုင်သေးသည့် ဒွန်းနက်ခ် (Donetsk) ပြည်နယ်မှ ဧရိယာများသို့ ဝင်ရောက်နိုင်ရန်အတွက် ဘက်ခ်မွတ် မြို့ကို မဖြစ်မနေသိမ်းပိုက်နိုင်ရန် လိုအပ်နေသည်။

သို့သော် ရှရှားအနေဖြင့် မြို့ကိုသိမ်းပိုက်နိုင်သည့်တိုင် ယူကရိန်းစစ်ပွဲ၏ လားရာပြောင်းလဲသွားခြင်း ရှိမည် မဟုတ်ဟု အနောက်အုပ်စုက ပြောသည်။ ပြီးခဲ့သည့် လများအတွင်း ယူကရိန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ အများစုသည် ဘက်ခ်မွတ်မြို့နှင့် ပတ်သက်နေခဲ့ပြီး နှစ်ဖက်စလုံးမှ ရန်သူ့အင်အားကျဆင်းလာစေရန်၊ ထိုးစစ်ဆင်မှုအသစ်များ လုပ်ဆောင်ရေး ပြင်ဆင်ချိန်ရရှိရန် အသုံးချလျက်ရှိသည်။

လက်ရှိအချိန်အထိ ဘက်ခ်မွတ်တိုက်ပွဲအတွင်း မည်သည့်ဘက်မှ အထိအခိုက်အကျအဆုံး များနေသည်ကို ကွဲကွဲ ပြားပြားမသိရသေးဘဲ ခြောက်လကြာ တိုက်ပွဲအတွင်း စစ်မဖြစ်ခင် ဒေသခံ ၇၀၀၀၀(ခုနှစ်သောင်း) ကျော် ရှိသော မြို့သည် မြို့ပျက်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

ဝဂ်နာတပ်သားများသည် ဘက်ခ်မွတ်တိုက်ပွဲများအတွင်း ရှေ့တန်းနေရာမှ ပါဝင်လျက်ရှိကာ ၎င်းတို့သည် မြို့ကို ဖြတ်သန်းစီးဆင်းသွားသော ဘက်ခ်မွတ်ကာ (Bakhmutka) မြစ်၏ အရှေ့ခြမ်းမှ ခရိုင်အားလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီဟု ဝဂ်နာပိုင်ရှင် ယက်ဗ်ဂန်နီ ပရီဂိုရှင်း (Yevgeny Prigozhin) က ပြောသည်။ မြို့လယ်သည် မြစ်အနောက်ဘက်တွင် ရှိသည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်ရှိ စိန့်မိုက်ကယ်ဘုရားရှိခိုးကျောင်းတွင် ဈာပနအခမ်းအနားကျင်းပနေစဉ် ယူကရိန်း စစ်မှုထမ်းဟောင်း Oleksiy Sokolovskyi ၏ ရုပ်အလောင်းအား လူများက အလေးပြုကြစဉ်(ဓါတ်ပုံ-အေပီ)

လက်ရှိအချိန်အထိ ဘက်ခ်မွတ်အရှေ့ခြမ်းအား ထိန်းချုပ်နိုင်သည်ဆိုသော စကားကို ရုရှားနှင့်ယူကရိန်းစစ်ဘက် အရာရှိများက တစ်စုံတစ်ရာပြောဆိုခြင်း မရှိသေးသော်လည်း ယူကရိန်းတပ်များ ဆုတ်ခွာမှုကြောင့် ပရီဂိုရှင်း ၏ ပြောဆိုချက်သည် မှန်ကန်နိုင်ဖွယ်ရှိသည်ဟု ဝါရှင်တန်အခြေစိုက် Study of War ပညာရှင်များအဖွဲ့က သုံးသပ် သည်။

ရုရှားတပ်များသည် မြို့ကိုသုံးဘက်သုံးတန်မှ ဝိုင်းထားသောကြောင့် အနောက်ဘက်သို့သွားရန် ကျဉ်းမြောင်းသည့် လမ်းကြောင်းတစ်ခုသာ ရှိသည်။ မြို့အနောက်ပိုင်းသို့ ရောက်ရှိနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းကို ရုရှားဘက်မှ ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် မြို့ကိုကာကွယ်နေသော ယူကရိန်းတပ်များသည် ရွှံ့ထူသော ကျေးလက်လမ်းများကိုသာ မှီခိုနေရသည်။

ဘက်ခ်မွတ်မြို့ကို စွန့်ခွာသွားမည်မဟုတ်ဟု ယူကရိန်း သမ္မတက တနင်္လာနေ့တွင်ပြောခဲ့ပြီး ဘက်ခ်မွတ်မြို့ကို သိမ်းနိုင်လျှင် ဒွန်နက်ခ် (Donetsk) သို့ ထိုးစစ်ဆင်မှုများ လုပ်ဆောင်ရန် လမ်းပွင့်သွားစေမည်ဟု ရုရှား ကာကွယ် ရေးဝန်ကြီးက ပြောသည်။

ဘက်ခ်မွတ်မြို့သည် မကြာခင်အချိန်အတွင်းမှာပင် ရုရှားတို့လက်သို့ ရောက်ရှိသွားမည့် အရိပ်အယောင်မျိုး ရှိသည်ဟုလည်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး စတိုတန်ဘာ့ဂျ်(Jens Stoltenberg )က ပြောသည်။

Source:AP