CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီတဲ့ ရုရှားနဲ့ ဘယ်လာရုစ် အားကစား သမားတွေကို ကြားနေအဖြစ် ယှဉ်ပြိုင်ခွင့်ပြုမယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC)က အတည်ပြု လိုက်ပါတယ်။

ဒါပေမယ့် ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ နိုင်ငံရဲ့အလံ၊ အမှတ်သင်္ကေတနဲ့ နိုင်ငံတော်သီချင်း မပါဝင်ဘဲ ယှဉ်ပြိုင်ရမှာပါ။ 

IOC က လူတစ်ဦးချင်း ပါဝင်ခွင့်ပြုတာဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာတာလို့ ပြောခဲ့ပါတယ်။ 

IOC က ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပေမယ့် ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ်ကတော့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲခြင်းမရှိဘဲ ဒီနှစ်နိုင်ငံက အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ဆက်ပြီး ပိတ်ပင်ထားပါတယ်။

ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဘတ်စတီယန်ကိုးက “ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတချို့ကို ပဲရစ်မှာ တွေ့ကောင်းတွေ့နိုင်မှာဖြစ်ပေမယ့် ပြေးခုန်ပစ်မှာတော့ တွေ့ရမှာမဟုတ်ဘူး”လို့ ပြေးခုန်ပစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ယူကရိန်းဟာ အစောပိုင်းက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုမယ်ဆိုရင် ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်နိုင်တယ်လို့ ပြောခဲ့ပေမယ့် ကြားနေအဖြစ် ယှဉ်ပြိုင်ခွင့်ပြုမယ်ဆိုရင်တော့ ဒီခြိမ်းခြောက်မှုကို လျှော့ချနိုင်တယ်လို့ ယူကရိန်းအားကစားဝန်ကြီးက ရိုက်တာသတင်းဌာနကို ဇူလိုင်လက ပြောခဲ့တာပါ။

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ကြားနေအဖြစ် ယှဉ်ပြိုင်ခွင့်ပြုဖို့ အိုလံပစ်အားကစား အဖွဲ့ချုပ် တွေက တောင်းဆိုခဲ့ပြီးနောက် IOC ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီက IOC ရဲ့ ဆုံးဖြတ်ချက်ကို သတိပြုမိကြောင်းနဲ့ သူတို့ရဲ့တာဝန်ကတော့ ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီတဲ့ အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုဖို့လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

Source: BBC