CNI International News

ဘန်ကောက်၊ မေလ ၂၆

လွှတ်တော်ဥက္ကဋ္ဌရာထူးကို ၎င်းတို့သာ ရယူသင့်သည်ဟု Move Forward Party (MFP)ပါတီဘက်ကပြော ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။

MFP ၏ ညွန့်ပေါင်းမဟာမိတ် ဖြူးထိုင်း(Pheu Thai) ပါတီက လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူလိုသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

အစဉ်အလာများအရ လွှတ်တော် အစီအစဉ်များကို ကိုင်တွယ် ဆောင်ရွက်ရန်အတွက် ရွေးကောက်ပွဲ အနိုင်ရ သူသာလျှင် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူလေ့ရှိကြောင်း၊ ထိုအစဉ်အလာအတိုင်း လက်ဆက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း MFP ၏ ပြောခွင့်ရပုဂ္ဂိုလ် ရန်းဆီမန် ရိုမီ (Rangsiman Rome) ကပြောသည်။

MFP ပါတီ၏ အထွေထွေအတွင်းရေးမှူး ချိုင်တာဝပ် တူလာသွန်း (Chaithawat Tulathon)အား ကိုးကား၍ ပြောဆိုခဲ့ ခြင်း ဖြစ်သည်။

ညွန့်ပေါင်းမဟာမိတ်များဘက်က ထိုရာထူးအတွက် ဆွေးနွေးညှိနှိုင်းခြင်း ရှိပါသလားဟု မေးမြန်းမှုကို ရန်းဆီမန် က ဖြေကြားရန် ငြင်းဆန်ခဲ့ပြီး မဟာမိတ်အဖွဲ့၏ ဆွေးနွေးမှုကို တာဝန်ယူထားရသူ ချိုင်တာဝပ်သာလျှင် ဖြေရှင်း သင့်သည်ဟု ပြောသည်။

MFP ပါတီ ခေါင်းဆောင် ပီတာနဲ့ ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန်သီရကောကိုတွေ့ရစဉ်

MFP ၏ ဒုတိယခေါင်းဆောင် နာတာဝပ် ဘူပရာသွန် (Nattawut Buaprathum) အား လွှတ်တော်ဥက္ကဋ္ဌ ရာထူး အတွက် လျာထားခြင်း ရှိ/မရှိ မေးမြန်းရာတွင်လည်း ပါတီအနေဖြင့် မဆုံးဖြတ်ရသေးဟု ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌ ရာထူးသည် နိုင်ငံရေးလောကတွင် အရေးပါဆုံး ရာထူးများမှ တစ်ခုဖြစ်ကာ လွှတ်တော် အစည်းအဝေးများနှင့် လုပ်ငန်းစဉ်များကို ကြီးကြပ်ရသည်။

MFP အနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကတိများနှင့် ဥပဒေပြုမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပြည့်ဝအောင် ဆောင်ရွက်မည်ဆိုလျှင် ထိုရာထူးကို ထိန်းချုပ်ထားနိုင်ရန် လိုအပ်သည်။

MFP ဘက်က ၎င်းတို့ ဆက်လက် လုပ်ဆောင်မည့် အစီအစဉ် သုံးခုအကြောင်းကို မေလ ၂၄ ရက်တွင် လူမှုကွန် ယက်၌ ရေးသားဖော်ပြခဲ့ပြီး ပါတီအနေဖြင့် ထိုလုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ရယူသွားမည်ဟု ဆိုသည်။

ဖြူးထိုင်းပါတီ ခေါင်းဆောင် ချိုနန်သီရိကော (Cholnan Srikaew) က Progressive Movement ပါတီ၏ အထွေထွေအတွင်းရေးမှူး တစ်ဖြစ်လဲ MFP ၏ ရွေးကောက်ပွဲ မဲဆွယ်မှုဆိုင်ရာ တာဝန်ရှိသူ ပီယာဘွတ် ဆန်ကာ နော့ကူး (Piyabutr Saengkanokkul) ၏ ပြောစကားသည် ညွန့်ပေါင်းအဖွဲ့ဝင်များကို ဖိအားပေးရန် ကြိုးပမ်းမှု ဖြစ်သည်ဟု မေလ ၂၄ ရက်နေ့တွင် ဝေဖန်ခဲ့သည်။

ညွန့်ပေါင်းမဟာမိတ် ပါတီများကို တွေ့ရစဉ်

လွှတ်တော်ဥက္ကဋ္ဌ ရာထူးသည် MFP ပါတီဘက်က လက်လွှတ်၍ မရသော အရာဟု ပီယာဘွတ်က မေလ ၂၃ ရက် နေ့ ညတွင် ပြောခဲ့သည်။

ညွန့်ပေါင်းအစိုးရအတွင်း ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်သွားမည် ဖြစ်သော်လည်း MFP အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို လက်လွတ် ခံလိမ့်မည်မဟုတ်ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

MFP ဘက်က တင်သွင်းနိုင်ဖွယ်ရှိသော အမတ်လောင်းများနှင့် ပတ်သက်၍ ချိုနန်က မှတ်ချက် ပေးရန် ငြင်းဆန် သည်။

MFP သည် အတွေ့အကြုံပိုင်း အားနည်းချက်ရှိသည်ဟု ယူဆခြင်းလည်း ခံထားရသည်။

MFP မှ တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများကို လက်ခံရန် ခဲယဉ်းသောကြောင့် ဖြူးထိုင်းအနေဖြင့် လွှတ် တော်ဥက္ကဋ္ဌ ရာထူးအတွက် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လျက် ရှိသည်ဟုလည်း ဖြူးထိုင်းပါတီ သတင်း အရင်းအမြစ်တစ်ခုက ပြောသည်။

Source: ဘန်ကောက်ပို့စ်