CNI International News

လန်ဒန်၊ ဧပြီလ ၃

ပရဟိတဝန်ထမ်းတစ်ဦးအပါအဝင် ဗြိတိန်နိုင်ငံသားသုံးဦးသည် အာဖဂန်ရှိ တာလီဘန်တို့၏ ဖမ်းဆီးထိန်းသိမ်း ခြင်း ခံထားရသည်ဟု ဗြိတိန်ပရဟိတအဖွဲ့တစ်ခုက ပြောကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

ထိုသူများနှင့် အဆက်အသွယ်ရရှိရန်ကြိုးပမ်းနေသည်ဟုလည်း ဗြိတိန်နိုင်ငံခြားရေးဌာနက ပြောသည်။

စနေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ထိုသူများ၏ မိသားစုများကို ထောက်ပံ့ပေးမှုများ လုပ်ဆောင်နေသည်ဟု နိုင်ငံခြားရေးဌာနက ပြောသည်။ အဆိုပါသုံးဦးမှ အသက် ၅၃ နှစ်အရွယ် ပရဟိတဆေး ဝန်ထမ်းဖြစ်သူ ကီဗင် ကွန်ဝဲလ် (Kevin Cornwell) နှင့် အမည်မသိအမျိုးသားတစ်ဦးတို့နှင့် အဆက်အသွယ် ရရှိထားသည်ဟု ပရဟိတအဖွဲ့ Presidium Network က ပြောသည်။

တတိယအမျိုးသားမှာ အသက် ၂၃ နှစ်အရွယ် မိုင်းစ်ရုလတ် (Miles Routledge) ဆိုသူဖြစ်သည်ဟုလည်း အတည်ပြုပေးသည်။ ရုလတ်သည် ခရီးသွားတစ်ဦးဖြစ်ကာ အမေရိကန်ဦးဆောင်သည့် နိုင်ငံခြားတပ်ဖွဲ့များ ထွက်ခွာအပြီး တာလီဘန်များ အာဏာရရှိချိန်တွင် အာဖဂန်သို့သွားရောက်ခဲ့ခြင်းအတွက် ၂၀၂၁ ခုနှစ်တွင် မီဒီယာများ၌ ဟိုးလေးတကျော်ကျော်ဖြစ်ကာ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ဖမ်းဆီးခံထားရသူအားလုံး ကျန်းမာရေးကောင်းကာ၊ ကောင်းမွန်စွာရှိနေသည်ဟု ယုံကြည်ကြောင်း၊ ထိုသူများ နှိပ်စက်ညှင်းပန်းခံထားရ သည်ဟု မယူဆကြောင်း Presidium Network မှ စကော့ ရစ်ချတ် (Scott Richards) ဆိုသူက ပြောသည်။

တာလီဘန်အရာရှိများအပြင် Presidium Network မှ အဆက်အသွယ်ရရှိထားသူနှစ်ဦးတို့နှင့် ခိုင်မာစွာ ပြောဆို ဆက်ဆံနိုင်မှုမရှိသေးကြောင်း စကော့က ပြောကာ ထိုနှစ်ဦးဖမ်းဆီးခံရမှုသည် ကွန်ဝဲလ်၏ အခန်းတွင်းရှိ လိုင်စင် ဖြင့်ကိုင်ဆောင်သော သေနတ်ကြောင့် နားလည်မှုလွဲမှားခြင်းဖြစ်သည်ဟု ပြောသည်။

တာလီဘန်တိုက်ခိုက်ရေးသမားများ(ဓါတ်ပုံ-ရိုက်တာ)

Presidium Network နှင့် အဆက်အသွယ်ရှိသော အမျိုးသားနှစ်ဦးမှာ ဇန်နဝါရီ ၁၁ ရက် တာလီဘန် လျှို့ဝှက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများဖြစ်သည်။ သို့သော် ရုလတ် မည်သို့ ဖမ်းဆီးခံခဲ့ရသည်ကိုတော့ မသိရသေးပေ။ အန္တရာယ်ရှိသော နေရာများသို့သွားရောက်သူများအနေဖြင့် များစွာ ဂရုစိုက်သင့်ကာ ဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာသင့်သည်ဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆူရယ်လာ ဗရေ့ဗာမန်း(Suella Braverman) က ပြောသည်။

နိုင်ငံခြားရောက် ဗြိတိန်သားများ၏လုံခြုံရေးအတွက် အန္တရာယ်ရှိနေလျှင် ဗြိတိန်အစိုးရအနေဖြင့် ၎င်းတို့၏ ဘေးကင်းရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊အစိုးရသည် ထိုသူများ၏ ဘေးကင်းရေး အတွက် ဆွေးနွေးမှုများကို အားသွန်ခွန်စိုက်ဆောင်ရွက်နေကြေင်းလည်း ဝန်ကြီးက ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် တာလီဘန်များသည် ဗြိတိန်မီဒီယာဝန်ထမ်းတစ်ဦးနှင့် ခြောက်လကြာ ထိန်းသိမ်းထားသော ဗြိတိန်နိုင်ငံသားသုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။

Source:Aljazeera