CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၅

ရီးရယ်လ်ကတ်စတီလာ အသင်းနည်းပြ ရာအူးလ်ဟာ သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဂျာမနီကလပ် အသင်းတွေက စိတ်ဝင်စားနေတာကြောင့် ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာဖြစ်ပါတယ်။

ရာအူးလ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ရီးရယ်လ်ဘီ အသင်းဖြစ်တဲ့ ကတ်စတီလာအသင်းကို ကိုင်တွယ်နေခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ သူ့ရဲ့နည်းပြဘဝကို နောက်တစ်ဆင့် တက်နိုင်ဖို့ ရည်ရွယ်နေတာပါ။ 

ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဘွန်ဒက်လီဂါကလပ် ယူနီယံဘာလင်၊ ဒုတိယတန်း ကလပ် ဟမ်းဘတ်အသင်း အပါအဝင် ဂျာမနီကလပ်တွေက စိတ်ဝင်စားနေကြတယ်လို့ AS က ဖော်ပြထားတာ ဖြစ်ပါတယ်။

ဟမ်းဘတ်အသင်းဟာ ဂျာမနီဒုတိယတန်းအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး နည်းပြဟောင်း မာဂတ်က ရာအူးလ်ကို ခန့်အပ်နိုင်ဖို့ အနောက်ကွယ်ကနေ အဓိကျတဲ့ ပုဂ္ဂိုလ်အဖြစ်ရှိနေတာပါ။ 

မာဂတ်ဟာ ဟမ်းဘတ်အသင်းရဲ့ အားကစားဒါရိုက်တာအသစ် ဖြစ်လာဖို့ ရည်မှန်းနေတာကြောင့် သူနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ရာအူးလ်ကို နည်းပြအဖြစ် ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။

 

ရာအူးလ်နဲ့ မာဂတ်တို့ဟာ ရှော်လ်ကေးအသင်းမှာ အတူလက်တွဲ အလုပ်ကိုင်ခဲ့ကြကာ အောင်မြင်မှုအချို့ ရယူနိုင်ခဲ့ကြတာပါ။
ယူနီယံဘာလင်အသင်းဟာ နည်းပြဖြစ်သူ ဖစ်ရှာကို ထုတ်ပယ်တဲ့ အခုရာသီ အစောပိုင်းကတည်းက ရာအူးလ်ကို သူတို့ရဲ့နည်းပြသစ် ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

ဒါပေမယ့် ယူနီယံဘာလင်အသင်းဟာ ဘီရယ်လ်လီကာကို နည်းပြအဖြစ် ခန့်အပ်သွားခဲ့တာပါ။ ရာအူးလ်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် ဘွန်ဒက်လီဂါကလပ် ရှော်လ်ကေးအသင်းမှာ ၂ ရာသီကြာကစားခဲ့ပြီး ပိုကယ်လ်ဖလားနဲ့ စူပါဖလားတို့ကို ၁ ကြိမ်စီရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာအူးလ်ဟာ အနာဂတ်မှာ ရီးရယ်လ်အသင်းကြီးကို ကိုင်တွယ်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး စပိန်ထိပ်သီး ကလပ်ကို မကိုင်တွယ်ခင်မှာ ကလပ်အသင်းအချို့ကို ကိုင်တွယ်ပြီး အတွေ့အကြုံတွေ ယူဖို့ရှိနေတာပါ။ 

ရာအူးလ်ဟာ ရီးရယ်လ် ယူ-၁၉ အသင်းကို ကိုင်တွယ်ခဲ့တုန်းက ယူအီးအက်ဖ်အေ လူငယ်လိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal