CNI International News

သည်ဟိတ်၊ ဧပြီ ၃

ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အား နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)က ဖမ်းဝရမ်း ထုတ်ပြန် ခြင်းသည် ကျူးကျော်စစ် ကျူးလွန်သူအား တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် အခွင့်အလမ်း ဖြစ်စေသော် လည်း ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းရေးဆွေးနွေးမှုများဖြင့် အဆုံးသတ်ရန် ကြိုးပမ်းမှုအပေါ် ရှုပ်ထွေးစေသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

လက်ရှိ အချိန်အထိ ယူကရိန်းပဋိပက္ခအတွက် တရားစီရင်ရေးနှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက် အနည်းငယ်သာ ရှိသေးသော်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ရုရှားခေါင်းဆောင်အား ဖမ်းဆီးရေး ICC ၏ မတ်လ ၁၇ ရက်က ဆုံးဖြတ်ချက်ကြောင့် ပိုမိုရှုပ်ထွေးလာခဲ့သည်။

ပူတင်နှင့် ရုရှား၏ ကလေးသူငယ် အခွင့်အရေးကော်မရှင်နာတို့သည် စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း ယုံကြည်ရသည့် သက်သေများကို တွေ့ရှိထားသည်ဟု သည်ဟိတ်မြို့မှ တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်။

ယူကရိန်းရှိ သိမ်းပိုက်ထားသော ဧရိယာများမှ ကလေးငယ်များကို ရုရှားသို့ တရားမဝင် ပို့ဆောင်မှုအတွက်ကြောင့် ဖြစ်သည်။

လက်ရှိ အချိန်အထိ ပူတင်အား သည်ဟိတ် တရားရုံးတွင် ရုံးတင်စစ်ဆေးနိုင်မည့် အလားအလာ မရှိသလောက် နည်းပါးနေသော်လည်း နိုင်ငံတကာတရားရုံးများတွင် စစ်ရာဇဝတ် ကျူးလွန်သူများကို တရားဥပဒေအရ အရေး ယူနိုင်ခဲ့သည့် ဥပမာများလည်း ရှိခဲ့ဖူးသည်။

ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူချိနဲ့ ပူတင်ကိုတွေ့ရစဉ်

သို့သော် ပူတင်အား ဖမ်းဝရမ်း ထုတ်မှုနှင့်ပတ်သက်၍ ခေါင်းဆောင်များကြားတွင် သဘောထား ကွဲလွဲမှုများလည်း ပေါ်ပေါက်လျက်ရှိသည်။

ဆားဘီးယားသည် ICC ၏ လုပ်ရပ်နှင့်ပတ်သက်၍ ဝေဖန်ထားသော နိုင်ငံများမှ တစ်ခုဖြစ်သည်။ ယင်းသည် အီးယူ အဖွဲ့ဝင်ဖြစ်သော်လည်း ရုရှားနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

ထိုဖမ်းဝရမ်းသည် နိုင်ငံရေးဆိုင်ရာ ဆိုးရွားသော ဆိုးကျိုးများကိုသာ ဖြစ်စေကာ ယူကရိန်းအတွက် ငြိမ်းချမ်းရေး နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ပို၍ ခက်ခဲစေသည်ဟု ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူချိ (Aleksandar Vucic) က ပြောသည်။

သို့သော် တခြားသူများက စစ်ရာဇဝတ်မှုအတွက် တာဝန်ရှိသူများသည် တရားရင်ဆိုင်ရမည်ဟု ICC ၏ ဝရမ်း ထုတ်မှုကို လက်ခံထားသည်။

ပြစ်မှုကျူးလွန်သူနှင့် ၎င်း၏ နောက်လိုက်များကို လုံးဝလွှတ်ပေး၍ မရဟု အီးယူခေါင်းဆောင် အာဆူလာ ဗွန်ဒါလီ ယန် (Ursula von der Leyen) က သောကြာနေ့တွင် ပြောသည်။

ဟန်ဂေရီသည်လည်း ICC ၏ ပူတင်ကို ဖမ်းဝရမ်းအပေါ် ထောက်ခံသူများ စာရင်းတွင် မပါဝင်ပေ။ ဟန်ဂေရီသို့ ပူတင် လာရောက်လျှင်ပင် ၎င်းကို ဖမ်းဆီးသွားမည် မဟုတ်ဟု အစိုးရအရာရှိတစ်ဦးက ပြောသည်။

ပဋိပက္ခကို ပိုမို အားကောင်းလာစေခြင်း၊ ငြိမ်းချမ်းရေးအား သွေဖယ်စေခြင်းတို့ကြောင့် ဖမ်းဝရမ်းသည် ကောင်းမွန် သည့်အရာ မဟုတ်ဟုလည်း ၎င်းက ပြောသည်။

အီးယူခေါင်းဆောင် အာဆူလာ ဗွန်ဒါလီယန်နဲ့ ပူတင်ကိုတွေ့ရစဉ်

ပူတင်သည် ရုရှားခေါင်းဆောင် ရာထူးတွင် ကြာရှည်စွာ ဆုပ်ကိုင်ထားနိုင်မည့် အနေအထားတွင် ရှိနေကာ ၎င်း အပေါ် ထုတ်ပြန်သော ဖမ်းဝရမ်းသည် တိုက်ပွဲများ သက်ဆိုးရှည်စေမည်ကို ဆိုးရိမ်မိသည်ဟုလည်း ပညာရှင်များ က ထောက်ပြထားသည်။

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ဖိအားများ လျှော့ချရေး ဖြစ်လာနိုင်စွမ်းရှိသော နည်းလမ်းတစ်ခု မှာ ICC ၏ ယူကရိန်းအရေး စုံစမ်းစစ်ဆေးမှုများကို တစ်နှစ်ကြာ ရပ်နားရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တောင်းဆိုခြင်း ဖြစ်သည်။

ယင်းသည် ဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးသည်ဟု နိုင်ငံရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

Source: AP