CNI International News

ကဘူးလ်၊ ဖေဖော်ဝါရီ ၄

အမျိုးသမီးများ တက္ကသိုလ်ပညာသင်ကြားခွင့် ပိတ်ပင်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့သည့် အာဖဂန်တက္ကသိုလ်ဆရာ တစ်ဦးကို တာလီဘန်များက ထိန်းသိမ်းထားကြောင်း ၎င်း၏လက်ထောက်ဖြစ်သူက ပြောသည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

သတင်းစာ ပညာရပ်ဆိုင်ရာ အငြိမ်းစား ကထိကတစ်ဦးဖြစ်သူ အစ္စမေးလ် မာရှယ် (Ismail Mashal)သည် ပြီးခဲ့သည့်လ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုတစ်ခုတွင် ၎င်းရရှိထားသော ဘွဲ့များကို ဆုတ်ဖြဲကာ အမျိုးသမီး ပညာ ရေးနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခဲ့သည်။

အာဖဂန်နိုင်ငံသည် ပညာရေး ဦးစားပေးနိုင်ငံ မဟုတ်ခြင်းကြောင့် ယနေ့မှစ၍ ဘွဲ့လက်မှတ်များကို အသုံးမလို တော့ကြောင်း၊ မိခင်နှင့် နှမဖြစ်သူများ ပညာသင်ကြားခွင့် မရှိလျှင် အဆိုပါ ပညာရေးကို လက်မခံကြောင်း ပြောဆို ၍ မာရှယ်က ၎င်း၏ ဘွဲ့လက်မှတ်များကို ဆုတ်ဖြဲခဲ့ခြင်း ဖြစ်သည်။

အစ္စမေးလ်မာရှယ် ဘွဲ့လက်မှတ်ကို ဆုတ်ဖြဲနေစဉ်

ထိုဗွီဒီယိုသည် လူမှုကွန်ယက်တွင် ရေပန်းစားခဲ့သည်။ မာရှယ်သည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံ ထားရကာ ၎င်းကို တာလီဘန်တပ်ဖွဲ့ဝင်များက ကြမ်းတမ်းသော နည်းလမ်းများဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု သူ၏ လက်ထောက်က ပြောသည်။

မာရှယ် ထိန်းသိမ်းခံရမှုကို အယ်ဂျာဇီးယား ဘက်မှလည်း သီးခြားအတည်ပြု နိုင်ခဲ့သည်။ ဒီဇင်ဘာလက Tolo news နှင့် အင်တာဗျူး လုပ်ဆောင်ခဲ့သော မာရှယ်၏ လုပ်ရပ်ကြောင့် တာလီဘန်များ၏ အမျိုးသမီးများအား တက္ကသိုလ်တက်ခွင့် ပိတ်ပင်မှုကို အမျိုးသမီးများနှင့် တက်ကြွလှုပ်ရှားသူများ ဦးဆောင်ကာ ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

တာလီဘန်ဘက်မှ မာရှယ်အား ထိန်းသိမ်းထားခြင်းကို အတည်ပြုပေးခဲ့ပြီး ဆရာမာရှယ်သည် စနစ်ကို ဖီဆန်ခဲ့ ကြောင်း၊ ၎င်းကို တာဝန်ရှိသူများက မေးမြန်းစုံစမ်းရန် ထိန်းသိမ်းထားကြောင်း တာလီဘန် အစိုးရ၏ ယဉ်ကျေး မှုနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနက ပြောသည်။

ပြီးခဲ့သည့် ရက်များအတွင်း မြို့တော် ကဘူးလ် တစ်ဝိုက်တွင် စာအုပ်များကိုင်ကာ လမ်းသွားလမ်းလာများကို အခမဲ့ ဝေငှနေသော မာရှယ်၏ ပုံရိပ်များကိုလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

အစ္စမေးလ်မာရှယ်နဲ့ အမျိုးသမီးများကိုတွေ့ရစဉ်

မာရှယ်သည် ကဘူးလ်မြို့ရှိ တက္ကသိုလ် သုံးခုတွင် ကထိကအဖြစ် ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းသည် မည်သည့် ပြစ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိသော်လည်း ကြာသပတေးနေ့တွင် ဖမ်းဆီး ထိန်းသိမ်းခံ လိုက် ရသည်ဟု ၎င်း၏ လက်ထောက်ဖြစ်သူက ပြောသည်။

အာဖဂန်တွင် အမျိုးသမီး အခွင့်အရေးကို ထောက်ခံရန် အမျိုးသားတစ်ဦးက ကန့်ကွက် ဆန္ဒပြခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတစ်ခု ဖြစ်သော်လည်း အမျိုးသမီး အခွင့်အရေးများအတွက် မားမားမတ်မတ် ရပ်တည်သွားမည်ဟု မာရှယ်က ပြောခဲ့သည်။

Source: အယ်ဂျာဇီးယား