CNI International News

ဝါရှင်တန်၊ ဧပြီ ၁

အပြာမင်းသမီးတစ်ဦးကို နှုတ်ပိတ်ခ ငွေပေးခဲ့ခြင်းနှင့် ပတ်သက်သည့် စွပ်စွဲမှုအတွက် သမ္မတဟောင်း ဒေါ်နယ် ထရမ့် (Donald Trump)ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်များဖြင့် တရားစွဲဆိုမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Sky News သတင်းတွင် ဖော်ပြထားသည်။

၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း အပြာမင်းသမီး စတိုမီ ဒန်နီယဲလ်စ် (Stormy Daniels)အား ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့မှုနှင့် ပတ်သက်သည့် ကျူးလွန်မှုများအတွက် ထရမ့်အား တရားစွဲဆိုရန် နယူးယောက်ရှိ တရား သူကြီး အဖွဲ့တစ်ခုက မဲပေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း ထရမ့်နှင့် သူမတို့အကြား လိင်မှုရေးရာ ပတ်သက်မှုကို ထုတ်ပြောခြင်း မပြုရန် ထရမ့်က ငွေပေးနှုတ် ပိတ်ခဲ့သည်ဟု စွပ်စွဲမှုတွင် ဖော်ပြထားသည်။

ထို့ကြောင့် ထရမ့်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးပမ်းနေစဉ်မှာပင် တရားစွဲ ဆိုမှုနှင့် ရင်ဆိုင်ရသည့် ပထမဆုံးသော အမေရိကန်ခေါင်းဆောင်ဟောင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။

ရီပတ်ပလီကန် တစ်ဦးဖြစ်သူ ထရမ့်က ၎င်းအနေဖြင့် လုံးဝ အပြစ်ကင်းစင်ကြောင်း ပြောကာ တရားစွဲဆိုမှုသည် နိုင်ငံရေးအရ နှိပ်ကွပ်မှု ဖြစ်သည်ဟု ပြောသည်။

 အပြာမင်းသမီး စတိုမီ ဒန်နီယဲလ်စ်ကို တွေ့ရစဉ်

ထိုတရားစွဲမှုကို အဆုံးထိ တိုက်ပွဲဝင် သွားမည်ဟုလည်း သူ၏ ရှေ့နေများက ပြောသည်။

မန်ဟက်တန်ခရိုင် အစိုးရရှေ့နေက ဒန်နီယဲလ်စ်နှင့် ပလေးဘွိုင်း မော်ဒယ်လ်ဟောင်း ကာရန် မက်ဒိုဂဲလ် (Karen McDougal) တို့အား ထရမ့်၏ ငွေပေးခဲ့မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို စုံးစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်ဦးသည် ထရမ့်နှင့် လိင်မှုရေးရာ ဖောက်ပြန်မှုရှိခဲ့ကာ ထိုအကြောင်းကို သူမတို့ နှစ်ဦးက လူသိရှင်ကြား ထုတ်ပြောမည်ကို ထရမ့်ဘက်က စိုးရိမ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

သို့သော် အသက် ၇၆ နှစ်အရွယ် ထရမ့်ကတော့ သူ့ အနေဖြင့် မည်သူနှင့်မှ ပတ်သက်ခဲ့ခြင်း မရှိဟု ငြင်းသည်။

ထရမ့်၏ ရှေ့နေဟောင်း တစ်ဦးဖြစ်သူ မိုက်ကယ်ကိုဟန် (Michael Cohen) က ၎င်းသည် ဒန်နီယဲလ်စ်နှင့် မက်ဒိုဂဲလ်တို့အား ငွေပေးရန် ထရမ့်နှင့် လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။

ထိုငွေပေးမှုနှင့် ပတ်သက်၍ ၂၀၁၈ မဲဆွယ်မှု ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းများကို ချိုးဖောက်ခဲ့ကြောင်း ကိုဟန်က ဝန်ခံခဲ့ခြင်းကြောင့် ထောင်ဒဏ် တစ်နှစ်ကျော်လည်း ချမှတ်ခံခဲ့ရသည်။

ထရမ့်၏ ရှေ့နေဟောင်း တစ်ဦးဖြစ်သူ မိုက်ကယ်ကိုဟန်ကို တွေ့ရစဉ်

သို့သော် ကိုဟန်သည် ထရမ့်၏ ညွှန်ကြားမှုကြောင့်သာ ယခုကဲ့သို့ လာရောက် ဝန်ခံခြင်း ဖြစ်သည်ဟု ဖက်ဒရယ် အစိုးရရှေ့နေများက ပြောသည်။

ထရမ့်က ၎င်းအနေဖြင့် မည်သည့် မှားယွင်းမှုမှ လုပ်မထားဟု အခိုင်အမာ ငြင်းဆိုထားပြီး လာမည့် သီတင်းပတ် အတွင်း အာဏာပိုင်များထံ လာရောက် အဖမ်းခံမည်ဟု ယူဆရသည်။

ထရမ့်ကို ခရိုင်ရှေ့နေ အဲလ်ဗင် ဘရဂ် (Alvin Bragg)နှင့် အဖွဲ့က ငါးနှစ်နီးပါး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ တရားသူကြီးများ အဖွဲ့ကလည်း သက်သေများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ကြားနာခဲ့သည်။

ထရမ့်၏ ဥပဒေရေးရာအဖွဲ့နှင့် အစိုးရရှေ့နေများသည် ထရမ့် လာရောက် အဖမ်းခံမည့် ရက်နှင့်ပတ်သက်၍ ဆွေးနွေးမှု လုပ်ဆောင်နေကာ သမ္မတဟောင်းသည် တရားရုံး ရုံးထုတ်မှုမလုပ်ခင် အစိုးရရှေ့နေရုံးသို့ သွားကာ လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်မှု လုပ်ဆောင်ရမည်ဟု ဘရဂ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

Source: Sky News