CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၉


ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေး အပါအဝင် လုပ်ငန်းစဉ် ၉ ခုကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။


အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ ၂ ရက်တာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။


ထို နှစ်ရက်တာ ဆွေးနွေးပွဲအတွင်း အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဖက်ဒရယ်အခြေခံမူများကိစ္စ၊ အရပ်သားများ ကာကွယ်ပေးရေးဆိုင်ရာကိစ္စ၊ နှစ်ဖက် ဘုံသဘောတူ ညီချက်များ ရရှိနိုင်ရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင် ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ် ၃၁ ရက်တွင် ကျင်းပခဲ့သည့် အခမ်းအနားက နောက်ဆုံးဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုလည်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သော်လည်း ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သည့် အစိုးရမှ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာပဲ တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည်။


ထို့နောက် ရွေးကောက်ပွဲကို ပြန်လည် ကျင်းပမည်ဖြစ်သလို အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာ လွှဲပြောင်းပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ် နစကဥက္ကဋ္ဌလည်းဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။