CNI International News

ကိယက်ဗ်၊ မတ်လ ၃၀

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)အား ယူကရိန်းသို့ လာရောက်လည်ပတ်ရန် ယူကရိန်းသမ္မတ ဇာလန်းစကီး က ဖိတ်ကြားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ရှီနှင့် အဆက်အသွယ် မရှိကြောင်း၊ ၎င်းအနေဖြင့် ရှီအား ယူကရိန်းမြေတွင် လက်ခံတွေ့ဆုံရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ယူကရိန်းသမ္မတက ပြောသည်။

ရှီနှင့် တွေ့ဆုံလိုသည်ဟု ဗိုလိုဒီမာ ဇာလန်းစကီး(Volodymyr Zelenskyy)က အင်္ဂါနေ့တွင် အေပီသို့ ပြောသည်။ ရှီ၏ ရုရှားခရီးစဉ် အပြီးတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းအပေါ် တရုတ်ဘက်မှ မည်သို့မျှ မတုန့်ပြန်သေးပေ။ တရုတ်သည် ယူကရိန်း၏ ရန်ဘက် ရုရှား၏ စီးပွားရေးနှင့် နိုင်ငံရေးမဟာမိတ်အဖြစ် ကာလရှည်ရပ်တည်ခဲ့သည်။

တရုတ်အစိုးရသည် ယူကရိန်းပဋိပက္ခတွင် ကြားနေအဖြစ် ရပ်တည်ကာ ရုရှားအပေါ် သံတမန်ရေးရာ အကာအကွယ်ပေးမှု လုပ်ဆောင်လျက်ရှိသည်။

 ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်

တရုတ်သည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် အရေးပါသော အင်အားစုတစ်ခုဖြစ်ကာ ပဋိပက္ခတွင် ပါဝင်မှုမရှိခြင်း ကလည်း တရုတ်၏ အနေအထားကို ပို၍အားကောင်းစေခဲ့သည်။

ဇာလန်းစကီးသည် ယူကရိန်းနိုင်ငံတွင်းရှိ ရှေ့တန်းစစ်မျက်နှာသို့ သွားရောက်စဉ် ရထားပေါ် ၌ အေပီ သတင်းအဖွဲ့ နှင့် တွေ့ဆုံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဇာလန်းစကီး၏ ဖိတ်ကြားမှုနှင့် ပတ်သက်၍ တရုတ်သမ္မတဘက်က လက်ခံသည်လား သို့မဟုတ် တရားဝင် ဆက်သွယ် ပြောဆိုမှုရှိခဲ့သလားဟု သတင်းထောက်များက တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင် (Mao Ning) အား ဘေဂျင်းမြို့တွင် မေးမြန်းခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် သတင်းမှ မရှိကြောင်း သူမက ပြန်လည် ဖြေကြားခဲ့ကာ တရုတ်သည် ယူကရိန်း အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်ဟု ပြောသည်။

ယူကရိန်းသမ္မတ၏ ဖိတ်ကြားမှုပေါ် ရှီက လက်ခံနိုင်သလားဟု ရုရှားအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) အား မေးမြန်းခဲ့ရာတွင်လည်း ရုရှားအရာရှိများသည် ပဋိပက္ခအတွင်း တရုတ်၏ မျှတသော ရပ်တည်ချက်နှင့်ပတ်သက်၍ များစွာမျှော်လင့်ထားကြောင်း သို့သော် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု နှင့်ပတ်သက်၍ ၎င်းအနေဖြင့် မည်သည့် မှတ်ချက်မှ ပေးခွင့်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်းက မီးလောင်နေမှုကို ကြည့်ပြီး ပြည်သူတစ်ဦး ငိုကြွေးနေစဉ်

ရှီနှင့် ဇာလန်းစကီးတို့ တွေ့ဆုံမှုအပေါ် အမေရိကန်အနေဖြင့် ထောက်ခံကြောင်း အမေရိကန်လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby) က ပြောသည်။

ရှီ၏ ပြီးခဲ့သည့် သီတင်းပတ် ရုရှားခရီးစဉ်ကြောင့် တရုတ်အနေဖြင့် ရုရှားတို့ လိုအပ်နေသော လက်နက်နှင့် ခဲယမ်း များကို ထောက်ပံ့ပေးရန် အဆင်သင့် ရှိနေနိုင်သည်ဆိုသည့် ယူဆချက်များ ထွက်ပေါ်လာခဲ့သည်။

သို့သော် ရှီ၏ ခရီးစဉ်သည် ထိုသို့သော ကြေညာချက်မျိုး ထွက်ပေါ်လာခြင်းမရှိဘဲ အဆုံးသတ်သွားခဲ့သည်။

ခရီးစဉ်အပြီး ရက်အနည်းငယ် အကြာတွင် အိမ်နီးချင်း ဘယ်လာရုစ်သို့ နျူကလီးယား လက်နက်များ ဖြန့်ကျက် ထားမည်ဟု ပူတင်က ကြေညာခဲ့သည်။

ရှီ၏ခရီးစဉ်တွင် တရုတ်ထံမှ အာမခံချက် ကောင်းကောင်း မရရှိခဲ့ခြင်းကြောင့် ပူတင်သည် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဇာလန်းစကီးက ယူဆထားသည်။

Source:AP