CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော် မတီ(NSPNC)တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ကျင်းပခဲ့သည်။

ထို့နောက် NCA နှင့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား အလေးအနက်ထား၍ ကျင်းပနိုင် ရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စတို့ကို RCSS နှင့် NSPNC တို့ ဆွေးနွေးခဲ့ကြသည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများတွင် လူသားချင်း စာနာမှု အကူအညီ ပေးအပ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့် ပုဒ်မများ နှင့် ဒေသခံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များအပေါ် RCSS မှ ဆွေးနွေးချက်များအား အပြန် အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့က RCSS နှင့် NSPNC တွေ့ဆုံ ဆွေးနွေးနေစဉ်

ထို့နောက် ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်နေ့တွင် ဆက်လက် ကျင်းပသွားရန် နှစ်ဖက် သဘောတူညီခဲ့ကြ သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ RCSS ဘက်မှ အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် စဝ်ဆောင်းဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျဲန်းတို့ တက်ရောက်ခဲ့ သည်။

NSPNC ဘက်ကတော့ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တခြားသော လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည်။