CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၉

တရားဝင် ဖွဲ့စည်းထားပြီးသော နိုင်ငံရေးပါတီများကို နစက၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် လုံးဝမရှိကြောင်း အဝေးရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်ကော်မတီ(CWC)က ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ခြင်း ဥပဒေ- နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံမတင်ပါက အလိုအလျောက် ပျက်ပြယ်ကြောင်း ပြဋ္ဌာန်းခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ရန် သတ်မှတ်ပေးခဲ့ သည့်ရက်ပြည့်သွားပြီးဖြစ်၍ ပြန်လည် မှတ်ပုံတင် မတင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

UEC ၏ နိုင်ငံရေးပါတီများ ဖျက်သိမ်းခြင်းနှင့်အတည်ပြုခြင်း ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

NLD -CWC က “ တည်ဆဲဥပဒေများကို ချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှု မရှိသည့်အပြင် ပြည်သူလူထုအား ကိုယ်စားပြုမှုလည်း မရှိသည့်အတွက် ၎င်း၏ လုပ်ကိုင်ဆောင်ရွက်သမျှသည် တရားဝင်မှု မရှိ ကြောင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ၏ ကြေညာချက်အမှတ် ၇/၂၀၂၂၊ ၁၀/၂၀၂၂၊ ၁၂/၂၀၂၂ တို့ဖြင့် အတိအလင်း ကြေညာထားပြီးဖြစ်သဖြင့် တရားဝင် ဖွဲ့စည်းထားပြီးသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် လုံးဝမရှိပါ”ဟု ထုတ်ပြန်ခဲ့ သည်။

လက်ရှိတွင် နစက၏ UEC ထံသို့ နိုင်ငံရေးပါတီ ၆၀ ကျော် ပါတီမှတ်ပုံတင် ပြန်လည် လျှောက်ထားသည်။