CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

အင်အားကြီးနိုင်ငံအချို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး တွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုနေမှုများကို တွေ့မြင်နေရသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် ၇၅ နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အင်အားကြီးကမ္ဘာ့နိုင်ငံအချို့သည် နိုင်ငံငယ်များအပေါ် တစ်ဖက်သတ် ဝါဒ စွဲဖြင့် မတူညီသည့် နိုင်ငံရေးစနစ်ဖြင့် အတွေးအခေါ်များအပေါ် လွှမ်းမိုးထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံနှင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း အားလုံးက သတိပြုကြရန်လိုအပ်ပါကြောင်း၊ အဆိုးဆုံး မှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အကြောင်းပြ၍ အချုပ်အခြာ အာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုမှုများကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါတယ်”ဟု ပြောသည်။

နိုင်ငံများအနေဖြင့် အချုပ်အခြာအာဏာကို အပြန်အလှန် လေးစားမှု၊ နားလည်ယုံကြည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ကို လေးစားလိုက်နာ ဆောင်ရွက်ပေးကြရန် ၎င်းက ပြောသည်။

သို့သော် မြန်မာနိုင်ငံ၏ ပြည်တွင်းကို မည်သည့် အင်အားကြီး နိုင်ငံအချို့က ဝင်ရောက်စွက်ဖက်နေသည်ကို တော့ ရှင်းရှင်းလင်းလင်း ပြောမသွားပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့နိုင်ငံအနေဖြင့် တစ်ဖက်က နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် အာဆီယံ၏ သဘောထားရပ်တည်ချက်များအတိုင်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် အပြည့်အဝ ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို အသိပေးလိုပါတယ်”ဟု ပြောသည်။

မိမိတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အကျိုးကို လိုလားသည့် မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟု ၎င်းက ပြောသည်။

ယနေ့ကမ္ဘာကြီးတွင် အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံငယ်များ၏ ပြည်တွင်းရေးကိစ္စများတွင် အကြောင်းအမျိုး မျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဆောင်ရွက်နေကြပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံငယ်လေးများအပေါ် မလိုတစ်မျိုး လိုတစ်မျိုး လုပ်ပြီး ဖိအားပေး အကျပ်ကိုင်မှုများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ကို တွေ့မြင် နေရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ထို့နောက် နိုင်ငံကြီးအချို့၏ မြန်မာနိုင်ငံအပေါ် အဆိုးမြင်စိတ်များစွာနှင့် အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ကျင့် ကြံ ဆောင်ရွက်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် မိတ်ကောင်းဆွေသဟာပီသစွာ အမြဲဖေးမကူညီ ရပ် တည်ပေးသည့် ရုရှားနိုင်ငံ၏ ခေါင်းဆောင်များနှင့် ရုရှားနိုင်ငံသူ/သားများကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံ သည် ရုရှားကို မိတ်ကောင်းဆွေကောင်းအဖြစ် လေးစားတန်ဖိုးထားကြောင်း ၎င်းက ပြောသည်။