CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅

လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်း များ၊ ပြည်သူလူထု၏ စားဝတ်နေမှုဖူလုံစေရေးများကို အလေးထားဦးစားပေး ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌသည် မတ်လ ၁၅ ရက်တွင် ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး မြှင့်တင်လျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ကုန် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူလူထု၏ စားဝတ်နေမှုဖူလုံစေရေးများကို အလေးထားဦးစားပေး ဆောင် ရွက်သွားမည်ဖြစ်တယ်”ဟု ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ ဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ အနေဖြင့် မိမိတို့အဆိုပြုထားသည့် အလျင်အ မြန် အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်မည့် စီမံကိန်းများကို အချိတ်အဆက် မိမိဖြင့် သတ်မှတ်ကာလအတွင်း အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်သွားရမည်ဟုလည်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အလျင်အမြန် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို အောင်မြင်အောင် အကောင် အထည်ဖော်ရန် လိုအပ်သကဲ့သို့ ဆောင်ရွက်ဆဲ စီမံကိန်းကြီးများ အမြန်ဆုံး ပြီးပြတ်စေရေးနှင့် စီမံကိန်း၏ အကျိုးရလဒ် များကို ပြည်သူများ အမြန်ဆုံးရရှိခံစားနိုင်စေရေးကို အလေးထားဆောင်ရွက်သွားရမည်၊ လာမည့် ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေထည့်သွင်း လျာထားသည့် ဆောင်ရွက်ဆဲလုပ်ငန်းများ ပြီးပြတ်စေရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရများက ပေါင်းစပ်ညှိနှိုင်းပြီး တွန်းအားပေး ဆောင်ရွက်သွားရမည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့် စားသုံးဆီ ဈေးနှုန်းများ မြင့်တက်နေခြင်း၊ ငွေကြေးဖောင်းပွနေခြင်း၊ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်နေခြင်း၊ စီးပွားရေး ကျဆင်းနေခြင်း စသည့် အထွေထွေ အကျပ်အ တည်းများဖြင့် ပြည်သူများရင်ဆိုင်နေကြရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် တိုက်ပွဲ များ ဖြစ်ပွားနေခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်၍ မရခြင်းနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ မရှိခြင်းတို့ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုဖြင့် ကြုံတွေ့ရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ဒေသတွင်းနေ လူထုများက ပြောသည်။