CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၅၀ အသစ်ထပ်မံ ထောက်ပံ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့် နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် စားနပ်ရိက္ခာ ပိုမိုရှားပါး လာမှုများက ရှိရင်းစွဲ လိုအပ်ချက်များနှင့် ပေါင်းစပ်လျက်ရှိသည့် ဒေသများအတွက် လူသားချင်းဆိုင်ရာ အကူ အညီအဖြစ် အရေးပေါ် စားနပ်ရိက္ခာနှင့်အာဟာရ အထောက်အပံ့များပေးရန် ဒေါ်လာ သန်း ၅၀ ကို အမေရိ ကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က တဆင့် ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂမှ လတ်တလော ထုတ်ပြန်ခဲ့သည့် လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များအ ပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော်ရှိကြောင်း၊ လူ ၃ ဦးတွင် ၁ ဦးခန့်သည် ယခု ၂၀၂၃ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို လိုအပ်လျက်ရှိကြောင်း၊ ၂၀၂၀ တွင် ဤကဲ့ သို့ လိုအပ်ခဲ့သော လူဦးရေမှာ တစ်သန်းပင် မပြည့်ခဲ့ကြောင်း အမေရိကန်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းက နေအိမ်များ မီးရှို့ခံရစဉ်

အမေရိကန်က “ ယခုထောက်ပံ့မှုဖြင့် USAID သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀၀၀၀ ကျော်ကို အာဟာရချို့တဲ့မှု ကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မည်ဖြစ်ပါသည်။ ယခုထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများ ပေးအပ်ခြင်းနှင့် အသက် ၅ နှစ် အောက် အာဟာရဖြစ်စားသုံးကုန်များ ပေးအပ်ခြင်းများ ပါဝင်ပါသည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်တို့မှာ တပ်မတော်နှင့် NUG လက်အောက်ခံ သို့မဟုတ် မဟာမိတ် ဖြစ်သည့် PDF-LDF များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် CNF၊ KNU၊ KIA၊ KNPP တို့နှင့် တပ်မတော်ကြားမှာ လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် လူဦးရေ တစ်သန်းနီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို နေအိမ်နှင့် အဆောက်အဦ သောင်းချီလည်း မီးရှို့ဖျက်ဆီးခံထားရသည်။