CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၉

စပိန်လူမျိုးနည်းပြ ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းမှာပဲ ဆက်ရှိမယ်လို့ လီဗာပူးလ်အသင်းက မျှော်လင့်ထားတာကြောင့် နည်းပြ ကလော့ပ်နေရာမှာ အစားထိုးဖို့ အခြားနည်းပြတွေကို ပစ်မှတ်ထား စဉ်းစားနေပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ နည်းပြ ကလော့ပ် ကြေညာပြီးကတည်းက ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာပါ။ 

လီဗာပူးလ်အသင်း ကစားသမားအဖြစ်နဲ့ ၂၀၀၅ ခုနှစ်က ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဇာဘီအလွန်ဆိုဟာ ဒီရာသီမှာ လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ ရှုံးပွဲမရှိအောင် ကိုင်တွယ်ပေးထားတာ ဖြစ်ပါတယ်။ 

ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းကလည်း ပစ်မှတ်ထား နေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ ဂျာမန် ကလပ်ဟာ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။ 

အလွန်ဆိုကို တွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အူလီဟိုးနက်စ်ကတော့ နွေရာသီမှာ ဇာဘီအလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလာပါတယ်။

စပိန်လူမျိုးနည်းပြဟာ လေဗာကူဆင်အသင်းမှာ အနည်းဆုံးနောက်ထပ် တစ်ရာသီအထိ ဆက်ပြီးရှိနေနိုင်တာ ကြောင့် ၂၀၂၆ ခုနှစ်မှာ အန်ဆယ်လော့တီနဲ့ စာချုပ်ကုန်ဆုံးမယ့် ရီးရယ်လ်အသင်းရဲ့ ပစ်မှတ်လည်း ဖြစ်လာနိုင်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ရာသီအကုန်မှာ ကလော့ပ် နေရာကို အစားထိုးဖို့ ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီနဲ့ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အေမိုရင်မ်တို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြလာပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့အတူ အန်ဖီးလ်ကို ရောက်ရှိလာမယ့် ဒီဇာဘီဟာ လီဗာပူးလ်အသင်း အကြီးအကဲတွေရဲ့ အခိုင်အမာ ထောက်ခံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ 

ဒီဇာဘီဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။

အေမိုရင်မ်ကလည်း စပို့တင်းလစ္စဘွန်းအသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ်ထားတာကြောင့် လီဗာပူးလ်အသင်းနည်းပြသစ် ဖြစ်လာမယ့် စာရင်းထဲပါဝင်နေတာပါ။ 

လီဗာပူးလ်အသင်းဟာ သူတို့ ၂ ဦးအပြင် ကလော့ပ် နေရာမှာ အစားထိုးဖို့ အခြားနည်းပြတွေကိုလည်း ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

Source: BBC