CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ၁၂ နှစ်ကြာကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ် လို့ အတည်ပြုလိုက်ပြီး အသင်းပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။

ဟန်ဒါဆန်က “လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလကို စကားလုံးနဲ့ ပြောရတာခက်ခဲသလို နှုတ်ဆက်ရတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ကျနော်က အမြဲတမ်းအနီရောင် ဖြစ်နေမှာဖြစ်ပြီး သေဆုံးတဲ့အချိန်ထိပါ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းကို နှစ်ပေါင်း ၃၀ အကြာမှ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ FA ဖလား၊ ကာရာဘောင်းဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ 

အသက် ၃၃ နှစ် အရွယ်ရှိ ကွင်းလယ်ကစားသမားဟာ လီဗာပူးလ်အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ကိုင်တွယ် နေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အီတီဖတ်အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ဇူလိုင် အစောပိုင်းကတည်းက ဂျာမနီမှာ စခန်းသွင်း လေ့ကျင့်ခဲ့တဲ့ အသင်းလူစာရင်းကနေ ထွက်ခွာခဲ့သလို ရာသီကြို ခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ 

ဟန်ဒါဆန်ကို ဆုဖလားနဲ့အတူ တွေ့ရစဉ်

အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ၂၀၁၁ ခုနှစ်က ဆန်းဒါးလန်း အသင်းကနေ ရောက်ရှိလာခဲ့ပြီးနောက် လီဗာပူးလ်အသင်းအတွက် ၄၉၂ ပွဲ ပါဝင်ကစားကာ ၃၃ ဂိုးသွင်းပြီး ၅၇ ဂိုး ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဟန်ဒါဆန် အပါအဝင် မီလ်နာ၊ ချိန်ဘာလိန်၊ ကီတာနဲ့ ဖာမီနိုတို့ အသင်းကနေ ထွက်ခွာသွားပြီးနောက် ဘရိုက်တန်အသင်းက မက်အယ်လစ္စတာနဲ့ လိုက်ပ်ဇစ်အသင်းက ဆာဘော့ဇ်လိုင်းတို့ကိုသာ အားဖြည့်နိုင်ခဲ့တာပါ။ 

အဲ့ဒါကြောင့် ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင်မှာ လိုအပ်နေတဲ့ နေရာတွေကို ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် ဇူလိုင် ၃၀ ရက်မှာ လက်စတာ၊ သြဂုတ် ၂ ရက်မှာ ဘိုင်ယန်မြူး နစ်အသင်းတို့နဲ့ စင်္ကာပူမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: BBC