CNI Sport News

 ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈

ဘယ်လ်ဂျီယံအသင်းနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပြီး ကြွက်သားဒဏ်ရာရရှိခဲ့တဲ့ မန်စီးတီး အသင်း နောက်ခံလူ ဂျွန်စတုန်းစ်ဟာ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ပွဲလွဲချော်မှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

ဂျွန်စတုန်းစ်ဟာ ဘရာဇီးလ်အသင်းနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရသလို ဘယ်လ်ဂျီယံ အသင်းနဲ့ပွဲမှာလည်း ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ဂျွန်စတုန်းစ်ဟာ ပွဲချိန် ၁၀ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဂိုးမက်ဇ်နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဂျွန်စတုန်းစ် ဒဏ်ရာရရှိတာကို အတည်ပြုခဲ့ပေမယ့် ကစားသမားရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်မှု ရှိ/မရှိကို ပြောဆိုခဲ့ခြင်းမရှိတာပါ။

ဂျွန်စတုန်းစ်ဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး တင်ပါးဒဏ်ရာကြောင့် ရာသီအစ ၁၁ ပွဲအထိ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ 

ဂျွန်စတုန်းစ်နဲ့ ဝေါလ်ကာကို တွေ့ရစဉ်

Daily Star က ဂျွန်စတုန်းစ်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို ပါဝင်ဖို့အတွက် ကြံ့ခိုင်မှုပြည့်ဝဖွယ် မရှိဘူးလို့ ဖော်ပြထားတာကြောင့် မန်စီးတီးအသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။ 

ဂျွန်စတုန်းစ်ကလည်း မန်ချက်စတာမှာ သူ့ရဲ့ဒဏ်ရာ အခြေအနေကို စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်ခံရအပြီးမှာ အာဆင်နယ်အသင်းနဲ့ပွဲစဉ် လွဲချော်မှာကို စိုးရိမ်မှုတွေရှိနေတာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဝေါလ်ကာကတော့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ် ရှိနေတာပါ။

ပေါင်ခြံဒဏ်ရာကြောင့် နိုင်ငံတကာ ပွဲစဉ်မတိုင်ခင် နယူးကာဆယ်အသင်းနဲ့ FA ဖလားပွဲကို လွဲချော်ခဲ့တဲ့ မန်စီးတီး အသင်း ကွင်းလယ်လူ ဒီဘရိုင်းဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ သိရပါတယ်။ 

အာဆင်နယ်အသင်း ဘက်မှာတော့ ကြံ့ခိုင်မှုပိုင်း စိုးရိမ်မှုတွေရှိနေတဲ့ ဆာကာ၊ မာတင်နယ်လီနဲ့ ဂါဘရီရယ်လ် တို့ဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ကျူပီအာအသင်းနဲ့ တံခါးပိတ်ပွဲစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ပါတေးနဲ့ တိုမီယာဆုတို့ကတော့ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ဖွယ် ရှိ/မရှိ စောင့်ကြည်ရဦးမှာပါ။

အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁ နဲ့ ၃ နေရာမှာ ရပ်တည်နေပေမယ့် ၂ သင်းကြား ရမှတ်ကွာဟမှုက ၁ မှတ်သာရှိတာ ဖြစ်ပါတယ်။

Source: Metro