CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃

ဘရန်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ ပြီး အင်္ဂလိပ်ဘောလုံးလောကမှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဆာလတ်ကို နည်းပြ ကလော့ပ်က ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။

ကလော့ပ်က “ဒါက ရူးသွပ်ဖို့ ကောင်းပါတယ်။ အင်္ဂလိပ်မှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တာက ထူးခြားပြီး သူဟာ အလွန် ကောင်းမွန်တဲ့ပွဲကို ကစားခဲ့ပါတယ်။ ဆာလတ် အနားမှာ အမြဲတမ်းကစားသမား ၂ ဦးရှိပေမယ့် သူကတော့ ဘောလုံးကို ထိန်းထားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာဆိုရင် ကျနော်တို့မှာ အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ ဆာလတ်က ထူးခြားတဲ့ ကစားသမားပါ”လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလတ်ဟာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် အင်္ဂလိပ်ဘောလုံးလောကမှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တဲ့ မှတ်တမ်းရရှိခဲ့တာ ဖြစ်ပါတယ်။

ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၉၈ ဂိုး သွင်းယူထားပြီး ကျန် ၂ ဂိုးကိုတော့ ချယ်လ်ဆီးအသင်းမှာ ကစားချိန် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ကိုတွေ့ရစဉ်

ဒါ့အပြင် ဆာလတ်ဟာ ရာသီအစ အသင်းရဲ့ အိမ်ကွင်းပွဲစဉ် ၆ ပွဲစလုံး ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး လီဗာပူးလ် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဆာလတ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၆ ပွဲ ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ အန်ဖီးလ်ကွင်းမှာ ကစားတဲ့ပွဲတွေမှာ ရှုံးပွဲမရှိသေးဘဲ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရ တဲ့ ပွဲစဉ်ဟာ အိမ်ကွင်းမှာ လိဂ် ၆ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းထက် ၁ မှတ် လျော့နည်းပြီး ပရီးမီးယား လိဂ်အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး နိုဝင်ဘာ ၂၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA