CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀


ဒဏ်ရာပြဿနာရှိနေကြတဲ့ ဆာကာ၊ ဒီကလန်ရိုက်စ်နဲ့ ဆာလီဘာတို့ ၃ ဦးဟာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ ရောက်ရှိလာခဲ့တဲ့ အာဆင်နယ်အသင်း လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။


အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား ၆ ဦးဟာ ဒဏ်ရာတွေကြောင့် အခုအပတ်ထဲမှာ အသင်းနဲ့ လေ့ကျင့်မှု တွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။


ဆာကာနဲ့ ဒီကလန်ရိုက်စ်တို့ဟာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကြားရက်က ဘရန်ဖို့ဒ်အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့တာပါ။ 


မာတင်နယ်လီနဲ့ ထရိုဆာ့ဒ်တို့ကလည်း စပါးအသင်းနဲ့ ပွဲစဉ်မတိုင်ခင်ကတည်းက ဒဏ်ရာတွေကြောင့် အနားယူ နေရတာ ဖြစ်ပါတယ်။


အာဆင်နယ်အသင်းနည်းပြ အာတီတာက စက်တင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကစား သမားတွေအပြင် ဆာလီဘာနဲ့ ဗီအဲရာတို့ကလည်း ဒဏ်ရာတွေရနေခဲ့တယ်လို့ ပြောခဲ့တာပါ။ 

 

ဒီကလန်ရိုက်စ်ကိုတွေ့ရစဉ်

သူတို့တွေဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာလည်း မပါဝင်ခဲ့ပေမယ့် ဆာကာ၊ ဒီကလန်ရိုက်စ်နဲ့ ဆာလီဘာတို့ ၃ ဦးဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်အတွက် လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ဟိုတယ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။


အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၆ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။


အာဆင်နယ်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ပြီးရင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လန်းစ်၊ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်စီးတီးအသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ မန်စီးတီးအသင်းနဲ့ ပွဲမတိုင်ခင်မှာ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာပြီး ဒီပွဲမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်နေတာပါ။ 


လန်ဒန်ကလပ်ဟာ အခုနှစ် ဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့ အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။


Source: Metro