CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁

မန်စီးတီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ တောင်ပံကစားသမား ဆာကာဟာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောခဲ့ပါတယ်။

အာတီတာက “ဘာမှစိုးရိမ်စရာတော့မရှိပါဘူး။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ သူဟာ ပြဿနာအနည်းငယ်ကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူခဲ့ရပါတယ်။ သူဟာ အခုပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီး မန်စီးတီးအသင်း နဲ့ပွဲမတိုင်ခင်မှာဆိုရင် တစ်ရက်ပဲလေ့ကျင့်ခဲ့ပါတယ်။ သူ့အတွက်တော့ မိနစ် ၉၀ ပါဝင်ကစားဖို့က များပါတယ်”လို့ ပြောခဲ့တာပါ။

ဆာကာဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့သလို မန်စီးတီးအသင်း နဲ့ပွဲမှာ ပါဝင်ကစားပေးဖို့ မရေမရာဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် ဆာကာဟာ မန်စီးတီးအသင်းနဲ့ပွဲမှာ အာဆင်နယ် အသင်းရဲ့ ပွဲထွက်လူစာရင်းပါဝင်ခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။ 

ဆာကာဟာ လူစားလဲခံရတဲ့ အချိန်မှာ ဒဏ်ရာရနေတဲ့ပုံပေါ်ခဲ့ပေမယ့် အာတီတာက သူ့ရဲ့ကစားသမားဟာ ပင်ပန်းနွမ်းနယ်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆာကာဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပေမယ့် အာဆင်နယ်အသင်းအတွက် ၃၈ ပွဲပါဝင်ကစားထားပြီး ၁၆ ဂိုးသွင်းယူထားတာပါ။ 

အာတီတာကတော့ သူတို့ဟာ မန်စီးတီးအသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယား လိဂ်အဆင့် ၁ နေရာကနေ ဆင်းပေးခဲ့ရပေမယ့် ကစားဖို့ ပွဲတွေကျန်ရှိနေသေးတာကြောင့် အကောင်းဆုံး ဆက်လုပ်သွားဖို့ပဲလိုတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ အဖြစ် ဧပြီ ၄ ရက်မှာ လူတန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

Source:Metro