CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆

ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရရှိခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ အာဆင်နယ်အသင်းက မျှော်လင့်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီကလန်ရိုက်စ်ဟာ နောက်ကျော နာကျင်နေတဲ့အတွက် လူစားလဲပေးဖို့ တောင်းဆိုခဲ့လို့ စပါးအသင်းနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာလို့ ပြောထားတာပါ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဝက်စ်ဟမ်းအသင်းကနေ ခေါ်ယူထားတဲ့ ဒီကလန်ရိုက်စ်ဟာ ဒဏ်ရာ ကြောင့် အချိန်အကြာကြီး အနားယူရမှာကို အာဆင်နယ်အသင်းက စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆေးစစ်မှုတွေ ပြုလုပ်ပြီးနောက် ဒဏ်ရာဟာပြင်းထန်တဲ့ အခြေအနေမှာမရှိလို့ လန်ဒန်ကလပ်က ဒီကလန်ရိုက်စ် အသင်းအတွက် အမြန်ဆုံး ပြန်ကစားပေးနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။

အာတီတာနဲ့ ဒီကလန်ရိုက်စ်ကို တွေ့ရစဉ် 

ဒေးလီးမေးလ်ကတော့  အင်္ဂလန်ကစားသမားဟာ အောက်တိုဘာ ၈ ရက်မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ပွဲမှာ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါဝင်ပေးနိုင်မယ်လို့ ဖော်ပြထားတာပါ။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဒီကလန်ရိုက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။

အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ သရေကျပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရှုံးပွဲ မရှိသေးပေမယ့် ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၄ မှတ် ကွာဟသွားခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်အပြင် တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတဲ့ မာတင်နယ်လီ နဲ့ ထရိုဆာ့ဒ်တို့ကိုလည်း မန်စီးတီးအသင်းနဲ့ ပွဲမတိုင်ခင် တံကောက်ကြော ဒဏ်ရာကနေ အမြန်ဆုံး ပြန်ကောင်း လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စက်တင်ဘာ ၂၇ ရက်မှာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ် အသင်း စက်တင်ဘာ ၃၀ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal