CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉

ဝက်စ်ဟမ်းအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်း ကြယ်ပွင့် ဆာကာကို ရည်ရွယ်ပြီး လူမျိုး ရေး ခွဲခြားခဲ့တဲ့ တွစ်တာပို့စ်ကို The Metropolitan ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ အတည်ပြုထားပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲအပြီးမှာ အဖိုးတန် ၂ မှတ် ဆုံးရှုံးသွားခဲ့ပြီးနောက် “ဒီလူရွှင်တော်ဟာ ငါတို့ကို လိဂ် ဖလား ဆုံးရှုံးစေတယ်”ဆိုတဲ့ စကားလုံးတွေနဲ့အတူ ဆာကာကို မျောက်အဖြစ် ပုံဖော်ထားတာကို အသုံးပြုသူ တစ်ဦးက တွစ်တာမှာ ပို့စ်တင်ခဲ့တာပါ။

ဒီပို့စ်အောက်မှာ အခြားတွစ်တာ အသုံးပြုသူတစ်ဦးက The Metropolitan ရဲတပ်ဖွဲ့ကို tag တွဲပြီး ဒီစာသားဟာ အမုန်းတရားဆိုင်ရာ ရာဇဝတ်မှုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဒါကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အင်္ဂါနေ့မှာ ပြန်လည် ဖြေကြားခဲ့တာပါ။ ဆာကာဟာ ဒီရာသီ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို့အတွက် ပြေးလမ်းကြောင်းပေါ်မှာ ရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန် ကစားသမားဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်း ၃ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင် နိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် လွဲချော်ခဲ့တာပါ။

ဆာကာ ပင်နယ်တီကန်သွင်းနေစဉ်

မိနစ်အနည်းငယ် အကြာမှာတော့ ဝက်စ်ဟမ်းအသင်းက ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ် အသင်းတို့ဟာ ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဆာကာအတွက်တော့ အွန်လိုင်းပေါ်ကနေ လူမျိုးခွဲခြားမှု ခံရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

ဆာကာဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်နဲ့ အီတလီအသင်းတို့ ကစားခဲ့တဲ့ ပွဲအပြီးမှာလည်း ဒီလိုမျိုးပဲ လူမျိုးရေး ခွဲခြားခံခဲ့ရတာပါ။

အဲဒီပွဲမှာ အင်္ဂလန်အတွက် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းတာမှာ ဆာကာဟာ အသင်းဖော်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့နဲ့အတူ လွဲချော်ပြီးနောက် သူတို့ ၃ ဦးစလုံး လူမျိုးရေး ခွဲခြားခံခဲ့ရတာ ဖြစ်ပါတယ်။

ဆာကာကတော့ ဒီပင်နယ်တီ လွဲချော်မှုအတွက် သူတာဝန်ယူတယ်လို့ ပြောခဲ့ပြီး အာဆင်နယ်အသင်း ပရိသတ် တွေကို တောင်းပန်ခဲ့တာပါ။

အာဆင်နယ်အသင်း နည်းပြ အာတီတာက “ပင်နယ်တီ ကန်သွင်းတဲ့ ကစားသမားက လွဲချော်မှာပါပဲ။ နောက် တစ်ကြိမ် ကန်သွင်းခွင့် ရမယ်ဆိုရင် သူ့ကိုပဲ ကျနော်ရွေးချယ်မှာပါ။ ဒီအခိုက်အတန့်ကို ကျနော်တို့ လွဲချော်ခဲ့ပြီး ဒါက ဘောလုံးပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: Metro