CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀

သမိုင်းဝင် အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံ ထိုးသတ်ပွဲအဖြစ် တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ကြား လက်မှတ် ရေးထိုးလိုက်ပြီး ဒီပွဲကို ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲ ထိုးသတ်မယ့်နေ့ အပါအဝင် နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ 

အသက် ၃၅ နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဗျူရီဟာ WBC ချန်ပီယံဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ရှိ ယူကရိန်းနိုင်ငံသား အူဆက်ခ်ကတော့ WBA, WBO နဲ့ IBF ချန်ပီယံဆုတွေကို ပိုင်ဆိုင်ထားတာပါ။ 

ဒီပွဲကို ဒီဇင်ဘာ ၂၃ ရက်မှာ ကျင်းပဖို့ ပစ်မှတ်ထားနေပေမယ့် လာမယ့်နှစ် အစောပိုင်းကိုလည်း ပြန်ပြီး ရွှေ့သွားနိုင်တာ ဖြစ်ပါတယ်။

ဒီပွဲ အနိုင်ရတဲ့သူဟာ ချန်ပီယံခါးပတ် ၄ ခုစလုံးကို ရယူနိုင်မယ့် အငြင်းပွားဖွယ်ရာ မရှိတဲ့ ပထမဆုံး ဟဲဗီးဝိတ် ချန်ပီယံအဖြစ် မှတ်တမ်းတင်နိုင်တော့မှာပါ။ 

ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က ဒီပွဲကို ဖြစ်မြောက်အောင် လက်မှတ်ထိုးနိုင်ခဲ့လို့ ဝမ်းသာမိပြီး ဒီပွဲဟာ လက်ဝှေ့ အားကစားသမိုင်းရဲ့ အကြီးမားဆုံး ထိုးသတ်ပွဲ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲတွေ စတင်ထိုးသတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက ၃၄ ပွဲမှာ ၃၃ ပွဲ အနိုင်ရခဲ့ပြီး ၁ ပွဲ သရေကျကာ ရှုံးပွဲမရှိ သေးပါဘူး။

တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်ကို တွေ့ရစဉ်

အူဆက်ခ်ကလည်း ထိုးသတ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၂၁ ပွဲစလုံး အနိုင်ရခဲ့ပြီး သြဂုတ်လကမှ သူ့ရဲ့ ချန်ပီယံခါးပတ်တွေကို ကာကွယ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖရန့်ခ်ဝါရမ်က ဒီပွဲဟာ ရာစုနှစ်ရဲ့ အကြီးမားဆုံး လက်ဝှေ့ပွဲ ဖြစ်လာမယ်ဆိုတာ သံသယမရှိဘူးလို့ ထပ်ပြီး ပြောခဲ့တာပါ။

၁၉၉၉ ခုနှစ်က ဟိုလီဖီးလ်ကို အနိုင်ရပြီး WBA,WBC နဲ့ IBF ခါးပတ်တွေကို ကာကွယ်နိုင်ခဲ့တဲ့ လူးဝစ်နောက်ပိုင်း အငြင်းပွားဖွယ်မရှိတဲ့ ဟဲဗီးဝိတ်ချန်ပီယံတွေ ထွက်ပေါ်လာခဲ့ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံဟာ မကြာသေးခင် နှစ်တွေအတွင်းမှာ နာမည်ကြီးပွဲ အများအပြားကို လက်ခံကျင်းပခဲ့ပြီး ဒီအထဲမှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက အန်သိုနီဂျိုရွှာကို အနိုင်ရခဲ့တဲ့ အူဆက်ခ်ရဲ့ ပွဲလည်း ပါဝင်ခဲ့တာပါ။ 

ဆော်ဒီနိုင်ငံဟာ လက်ရှိအချိန်မှာ ရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာတို့ အပါအဝင် နာမည်ကြီး ဘောလုံးသမား အများအပြားကို ခေါ်ယူပြီး ဒေသတွင်းလိဂ်ကို လူစိတ်ဝင်စားမှု မြင့်မားလာအောင် လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။

Source: BBC