CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက အင်တာမီလန်အသင်းထံ အငှားချထားတဲ့ တိုက်စစ်မှူး လူကာကူဟာ အသင်းမှာ အနာဂတ်ရှိနိုင်တယ်လို့ ယုံကြည်မှုရှိနေပြီး အလွန်ကောင်းမွန်တဲ့ ကစားသမားအဖြစ် ပြောခဲ့ပါတယ်။

ဂရေဟမ်ပေါ်တာက “လူကာကူဟာ ချယ်လ်ဆီးအသင်းကစားသမားအဖြစ် ရှိနေတုန်းပါပဲ။ ကျနော်တို့က သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။သူ့ကို အငှားချထားတဲ့အတွက် ဆုံးဖြတ်ချက်တွေကို နွေရာသီမှာ ပြုလုပ် နိုင်မှာပါ။သူက အလွန်ကောင်းမွန်တဲ့ ကစားသမားပါ၊ဒါကို ကျနော်တို့သိပြီး နှစ်လည်း နှစ်သက်ပါတယ်။ ဒါပေမယ့် သူဟာ အင်တာမီလန်အသင်းအတွက် အငှားကစားနေတာကြောင့် နွေရာသီမှသာ ဒီအကြောင်းကို ထပ်ပြောဖို့ လိုပါတယ်” လို့ Canal+ ကို ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ လူကာကူကို ၂၀၂၁ နွေရာသီအပြောင်းအရွှေ့က ပေါင် ၉၇.၅ သန်းနဲ့ အင်တာမီလန် အသင်းကနေ ပြန်လည်ခေါ်ယူခဲ့ပေမယ့် ဘယ်လ်ဂျီယံကစားသမားဟာ ပွဲဦးထွက်ရာသီမှာပဲ ရုန်းကန်ခဲ့ရပြီး ၄၄ ပွဲ မှာ ၁၅ ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် လူကာကူဟာ နည်းပြဟောင်း တူချယ်လ်ရဲ့ နည်းစနစ် တွေကို ဝေဖန်ခဲ့ပြီး အသင်းနဲ့ အဆင်မပြေမှုတွေရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန် အသင်းထံ အငှားနဲ့ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဒါပေမယ့် လူကာကူဟာ အင်တာမီလန်အသင်းမှာလည်း ဒဏ်ရာတွေကြောင့် ပုံစံကောင်းမပြသနိုင်ဘဲ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၅ ဂိုးသာသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။အင်တာမီလန်အသင်း စီအီးအို မာရော့တာက လူကာကူကို အပြီးသတ်ခေါ်ယူမှာမဟုတ်ဘဲ ရာသီကုန်ဆုံးချိန်မှာ ကစားသမားဟာ ချယ်လ်ဆီးအသင်းထံ ပြန်မယ်လို့ ပြီးခဲ့တဲ့ လက ပြောခဲ့တာပါ။ဒါပေမယ့် လူကာကူကတော့ ချယ်လ်ဆီးအသင်းထံ ပြန်မလာချင်တော့ဘဲ အင်တာမီလန် အသင်းထံ အပြီးသတ်ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။

Source:Metro