CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၃

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းကို ကိုင်တွယ်တာ ၇ လကြာရှိပြီဖြစ်တဲ့ နည်းပြ ဂရေဟမ်ပေါ်တာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်တဲ့ ၃၁ ပွဲမှာ ၁၂ ပွဲသာ အနိုင်ရအောင် ကိုင်တွယ်နိုင်ခဲ့ပြီး အနိုင်ရာခိုင်နှုန်းက ၃၈.၇ သာ ရှိခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၁ နေရာအထိ ရောက်ရှိသွားခဲ့တဲ့အတွက် အသင်းဘုတ်အဖွဲ့ဟာ အစည်းအဝေးပြုလုပ်ကာ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရာသီအစောပိုင်းက တူချယ်လ်ကို ထုတ်ပယ်ခဲ့ပြီး ဂရေဟမ်ပေါ်တာကို အစားထိုး ခန့်အပ်ကာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀၀ ကျော်အထိသုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့် ခဲ့တာပါ။ဒါပေမယ့်လည်း အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်နိုင်ခဲ့ပေမယ့် ပရီးမီးယား လိဂ်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ခက်ခဲနေတာကြောင့် အခုလို အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက “ချောမွေ့တဲ့အကူးအပြောင်းဖြစ်စေဖို့အတွက် ဂရေဟမ်ဟာ ကလပ်အသင်းနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ဂရေဟမ်ဟာ ကလပ်အသင်းမှာ ရှိနေချိန်မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ချယ်လ်ဆီးအသင်းအနေနဲ့ ဂရေဟမ်ရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပံ့ပိုးမှုတွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်မှာ အဆင်ပြေပါစေလို့ ဆန္ဒပြုကြောင်း” ထုတ်ပြန်ခဲ့တာပါ။

အသင်းပိုင်ရှင်တွေဖြစ်တဲ့ တောဒ့်ဘိုလီနဲ့ အက်ဂ်ဘာလီတို့ကလည်း “ကျနော်တို့ဟာ ဂရေဟမ်ကို နည်းပြတစ်ဦး အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ လေးစားမှုအမြင့်ဆုံးရှိပါတယ်။သူဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ဆောင်ပြီး ဒီလိုမျိုးရလဒ်ကို ကျနော်တို့အားလုံး စိတ်ပျက်နေကြပါတယ်” လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ဘရူနိုဆဲလ်တာကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး လာမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကိုင်တွယ်စေမှာပါ။လန်ဒန်ကလပ်ဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရှာဖွေမှုတွေပြုလုပ်နေပြီး ဘိုင်ယန်မြူးနစ်အသင်းက ထုတ်ပယ်ခံထားရတဲ့ နည်းပြ နာဂျယ်လ်စမန်းက နည်းပြ သစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့လည်း သိရပါတယ်။

Source:Goal