CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆

ချယ်လ်ဆီးအသင်းဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ လူကာကူကို အင်တာမီလန်အသင်းထံ ပြန်သွားခွင့်ပြုဖို့အတွက် အငှားကြေးကို လျှော့ယူဖို့ ဆန္ဒရှိနေတယ်လို့ ဂိုးလ်ကွန်းက ဖော်ပြထားပါတယ်။

ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ အင်တာမီလန်ကနေ ချယ်လ်ဆီးအသင်းကို ပြီးခဲ့တဲ့နှစ်နွေရာသီက ရောက်ရှိလာတဲ့ လူကာကူဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ လန်ဒန်ကလပ်ကနေ ပြန်ထွက်ခွာချင်နေတာဖြစ်ပြီး အင်တာမီလန် ကလည်း လူကာကူကို အငှားနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမီလန် အသင်းက လူကာကူအတွက် ချယ်လ်ဆီးအသင်းကို အငှားကြေး ယူရို ၇ သန်းနဲ့ နောက်ဆုံးချဉ်းကပ်ပြီး ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။

ချယ်လ်ဆီးအသင်းကတော့ ကနဦးအငှားကြေး ယူရို ၂၅ သန်းတောင်းဆိုထားပေမယ့် ယူရို ၁၂ သန်းအထိ လျှော့ချ ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းမှာ ယုံကြည်မှုပျောက်ဆုံးနေတဲ့ လူကာကူကို ကလပ်အသင်းက လည်း အသင်းမှာ ဆက်မထားဘဲ အငှားချဖို့ တွန်းအားပေးနေတာပါ။

လူကာကူဟာ ပြီးခဲ့တဲ့ရာသီက အရန်ခုံပေါ် မှာပဲ အချိန်တွေအများဆုံးကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။နည်းပြတူချယ်လ်ဟာ လူကာကူဆီကနေ အကောင်းဆုံး ပုံစံထုတ်ယူနိုင်ခြင်းမရှိသလို ကစားသမားကလည်း နည်းစနစ်နဲ့အံဝင်ဖို့ ရုန်းကန်ခဲ့ရတာပါ။

အဲဒါကြောင့် လူကာကူဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဒီလိုအခြေအနေတွေကြောင့် ကစားသမားဟာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။လူကာကူဟာ သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးပုံစံ ရရှိခဲ့တဲ့ အင်တာမီလန်အသင်းကို သွားရောက်ဖို့ စိတ်ပိုင်းဖြတ်ထားတာပါ။

ဘယ်လ်ဂျီယံ ကစားသမားဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာကတည်းက အင်တာမီလန်အသင်းထံ ပြန်ချင်တဲ့ သူ့ရဲ့ ဆန္ဒတွေကို ထုတ်ပြောထားခဲ့တာကြောင့် အသင်းရဲ့အရေးယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပီတာချက်က လူကာကူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး “မနှစ်ကရာသီက သူရောက်လာတဲ့အချိန်မှာ ဘယ်လောက် တောင်သန်မာလဲဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ဒါပေမယ့် ဒဏ်ရာရခဲ့ပြီး ကိုဗစ်ကူးစက်ခဲ့တာကြောင့် သူဟာ အရာ အားလုံးနှေးကွေးသွားခဲ့ပါတယ်။ရာသီကုန်ခါနီးမှာတော့ သူ့ရဲ့ ကြံခိုင်သန်မာမှုတွေကို ကျနော်တို့ ပြန်မြင်တွေ့ခဲ့ ရပါတယ်။လူကာကူအနေနဲ့ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်” လို့ မကြာသေးခင်က ပြောထားတာပါ။

လူကာကူဟာ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၄၄ ပွဲပါဝင်ကစားခဲ့ပြီး ၁၅ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:Goal