CNI News

၂၀၂၄ ခုနှစ်၊ မေလ ၈

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားမှုကို ဖြေလျှော့သည့်အနေဖြင့် ပြည်ပအလုပ်ခေါ်စာများ ပြန်လည်လက်ခံနေသော်လည်း အသက်ကန့်သတ်ချက်ဖြင့် လက်ခံနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားများ၏ ပြည်ပ အလုပ်ခေါ်စာများအား မေလ ၇ ရက်နေ့မှစတင်ကာ ပြန်လည်လက်ခံနေခြင်း ဖြစ်သည်။

သို့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်းရှိ အမျိုးသားများ၏ အလုပ်ခေါ်စာများအား လက်မခံသေးကြောင်း နှင့် ထိုအသက်အရွယ်မှာ ပြည်ပထွက် အလုပ်လုပ်သူ အဓိက အများဆုံးဖြစ်ကြကြောင်း MOEAF မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ခံနေပြီ ဒါပေမယ့် အသက် ကန့်သတ်ချက်တော့ ရှိတယ်။ ၂၃ နှစ်အောက်နဲ့ ၃၁ နှစ်အထက်။ အဲဒီအတွင်းတော့ သူတို့လက်ခံတယ်။ ၂၃ နှစ်အထက်နဲ့ ၃၁ နှစ်အောက်ကို လက်မခံတာ။ အဓိကကတော့ သူတို့တားထားတဲ့ အပိုင်းအခြားက အသွားဆုံးပဲ။ အလုပ်ခေါ်စာတွေကတော့ သူ့ဘာသာသူရှိပါတယ်။ ဒါပေမယ့် ခုနကလို အသက် ကန့်သတ်ချက် ပြန်ဖြစ်တဲ့အခါကြတော့ တချို့တွေကကြတော့ အင်တာဗျူးပြီး စာချုပ်ချုပ်ခါနီး ကြတော့ ပြန်ပြီး ဖြုတ်ရတာ၊ ပြန်ပြီးနားရတာတွေ အဲဒီလိုပြဿနာလေးတွေ ရှိတာပေါ့နော် ‌အေဂျင်စီတွေ အတွက်တော့။ ဒါပေမယ့် ပိတ်ထားတာထက်စာရင် နည်းနည်းလေးတော့ အသက်ရှူ ချောင်သွားတာပေါ့” ဟု ပြောသည်။

ပြည်ပထွက်ဖို့ ဗီဇာလျှောက်နေတဲ့ မြန်မာများကိုတွေ့ရစဉ်

ပြည်ပထွက်ခွာခွင့် ကိစ္စရပ်များ ပိုမိုအချိန်ယူ စိစစ်နိုင်ရန်နှင့် အခြား အခြေအနေများအရ အမျိုးသားများ ပြည်ပ ထွက်ခွာ အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခြင်းဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် ယခုကဲ့သို့ ပြန်လည်ဖြေလျှော့လိုက်ခြင်းဖြစ်သည်။

ထိုသို့ အလုပ်ခေါ်စာများအပေါ် အသက်အရွယ်ကန့်သတ်၍ လက်ခံလိုက်ခြင်းသည် စာချုပ်ချုပ်ပြီးသား လုပ်သား များအပေါ်တွင် သက်ရောက်မှု မရှိနိုင်သလို အလုပ်ခေါ်စာကျပြီး စာချုပ် မချုပ်ရသေးသည့် လုပ်သားများ အပေါ်၌  သက်ရောက်မှု သွားရှိနိုင်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ အားလုံး ဒုက္ခရောက်ကုန်တာပေါ့။ demand မှာ အဲဒီလိုကို ထည့်ပေးရတော့မှာပေါ့။ ထိုင်းကတော့ စာချုပ်ချုပ်ဖို့ ကျန်နေတဲ့ဟာတွေအတွက် effect ရှိတယ်လို့ပဲ မြင်တယ်။ အသစ်ကတော့ ဘယ်ဝန်ကြီးမှလည်း ထပ်ပြီးပြောထားတာမရှိဘူး။ ဘာမှလည်း မပြောထားဘူး။ လိုင်စင်ရ အေဂျင်စီပေါင်း ၅၆၀ ရှိတယ်။ စာမချုပ်ရသေးတဲ့ဟာတွေက အဲဒီ effect ရှိမယ်နဲ့တူတယ်။ သူတို့ Name List တွေ ပြန်ပြင်ခိုင်းမှာပေါ့။ နည်းနည်းတော့ ကကြောင်ဖြစ်တာပေါ့။ အလုပ်ရှင်တွေကလည်း ဒီအသက်အရွယ်တွေကို လက်ခံတယ်ဆို ခေါ်ပေါ့”ဟု ပြောသည်။

မူဝါဒတစ်ခု ချမှတ်လုပ်ဆောင်ရာတွင် ဖြစ်လာမည့် အကျိုးဆက်များအား ခြုံငုံသုံးသပ်ပြီးမှသာ လုပ်ဆောင်သင့် ကြောင်း၊ ဆက်လက် တင်းကြပ်နေဦးမည်ဆိုပါက လူကုန်ကူးမှု ပိုမိုများပြား လာနိုင်ကြောင်းလည်း အလုပ်သမား အရေး ကူညီပေးနေသူများက ပြောကြသည်။

မြန်မာနိုင်ငံမှ လူငယ်များ ပြည်ပသို့ တရားဝင်ထွက်ခွာ၍ အလုပ်လုပ်ကြသည့်အခါတွင် နိုင်ငံတော်အတွက်လည်း ဝင်ငွေ ရရှိကြောင်း၊ ယခုကဲ့သို့ ကန့်သတ်မှုကြောင့် လူငယ်များအနေဖြင့် လွတ်မြောက်ရာအတွက် နည်းလမ်းရှာပြီး သွားကြမည်ဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာန သို့ ပြောသည်။

ပြည်ပထွက် အလုပ်လုပ်ကြမည့် မြန်မာများကိုတွေ့ရစဉ်

၎င်းက “ပြည်တွင်းမှာက လုပ်အားခလစာရဲ့ ဥပဒေကိုလည်း ပြန်ကြည့်ရမှာကို။ အလုပ်သမားတစ်ယောက်ရဲ့ လုပ်အားခ လစာက တစ်လမှာမှ ၂ သိန်းခွဲ ၃ သိန်းနဲ့ ဘယ်လိုသွားစားမှာလဲ။ မြန်မာနိုင်ငံမှာက အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း မရှိဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေက မရှိတဲ့အခါကြတော့ လူငယ်တွေက နည်းလမ်းပေါင်းစုံနဲ့ ထွက်မှာပဲလေ။ အဓိက ထွက်ရတဲ့ အကြောင်းတရားကတော့ စစ်မှုမထမ်းမနေရဥပဒေ ပေါ်လာတဲ့ ကိစ္စရယ်၊ နောက် ပြည်တွင်းထဲမှာ လုပ်အားခလစာ နည်းပါးမှုရယ်၊ နောက်ပြီး စက်ရုံတွေရှားပါးမှု ဖြစ်လာတဲ့ ကိစ္စရယ်၊ ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့ ကိစ္စရယ်၊ ဒီကိစ္စတွေကြောင့် သူတို့ ထွက်သွားကြမှာပဲလို့ ကျနော် ကတော့ သုံးသပ်တယ်” ဟု ပြောသည်။

အမျိုးသားများအား ပြည်ပထွက် အလုပ်လုပ်ခြင်းအပေါ် ယခုကဲ့သို့ ကန့်သတ်လာခြင်းသည် စစ်မှုမထမ်းမနေရ ဥပဒေနှင့် ဆက်စပ်မှုရှိနိုင်ကြောင်းလည်း သုံးသပ်ကြသည်။ 

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ကြရာ၌ အမျိုးသား လုပ်သားနှုန်းထားမှာ ၉၀ ရာခိုင်နှုန်း များပြားကြောင်း၊ အမျိုးသားလုပ်သားများကို ထိုင်း၊ ဂျပန်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့မှ အများဆုံး ခေါ် ကြောင်း၊ သို့သော် လက်ရှိတွင် မလေးရှားဘက်မှ လုပ်သားခေါ်ယူမှုအား ပိတ်ထားခြင်းဖြစ်သည်။